CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၃
မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရိုင်းက မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရခဲ့တဲ့ ဒါဘီပွဲမတိုင်ခင် အသင်းဟာ ၁၀ မိနစ်သာ လေ့ကျင့်မှု ပြုလုပ်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။
ဒီပွဲမှာ မန်စီးတီးအသင်းက မန်ချက်စတာယူနိုက်တက် အသင်းကို တစ်ပွဲလုံး အသာစီးနဲ့ ကစားခဲ့ပြီး ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရ ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာဟာ ဒီပွဲအတွက် ဘယ်လိုပြင်ဆင်ရ မလဲဆိုတာကို ကနဦး အစပိုင်း မှာ မသိခဲ့ဘူးလို့လည်း ဒီဘရိုင်းက ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။
ဒီဘရိုင်းက “ပွဲမစခင် တစ်ရက်အလိုမှာ ပြိုင်ဘက်ရဲ့ကစားပုံကို အခြေခံပြီး နည်းဗျုဟာကျကျ လေ့ကျင့်လေ့ရှိပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းနဲ့ ပွဲမတိုင်ခင် ပတ်ပ်က ကျနော်တို့ကို သူတို့ ဘယ်လိုကစားမလဲဆိုတာ ငါတို့ မသိဘူး။ ငါတို့ ကြည့်ကြတာပေါ့လို့ ပြောပြီး ၁၀ မိနစ်လောက်အကြာမှာ လေ့ ကျင့်မှုကို ရပ်ပစ်လိုက်ပါတယ်။ ပတ်ပ်ဟာ မကြာခဏဆိုသလို ပြိုင်ဘက်တွေရဲ့ ကစားပုံကို လေ့လာပြီး သိတဲ့သူပါ”လို့ ပြောပါတယ်။
“ဒီတခါတော့ သူမသိသလို ဘာလုပ်ရမှန်းလည်း မသိဘူး ဖြစ်နေပါတယ်။ ယူနိုက်တက်က နောက်တန်း မှာ ၅ ဦး ထားကစား မှာလား ဒါမှမဟုတ် ၄ ဦးနဲ့ပဲ ကစားမှာလား။ ကွင်းလယ်မှာပဲ စိန်ပွင့်ပုံစံနဲ့ ကစားမှာလား၊ ဒါမှမဟုတ် တိုက်စစ်မှာ ၃ ဦးထားပြီး ကစားမှာလားဆိုတာကို သူကြိုပြီး မသိခဲ့ပါဘူး”လို့ ဒီဘရိုင်းက ဆက်ပြီးတော့ ပြောပြခဲ့ပါတယ်။
ဒါပေမယ့် မန်စီးတီးအသင်းဟာ မန်ချက်စတာယူနိုက်တက် အသင်းကို သက်တောင့်သက်သာ ကစားသွားခဲ့ပြီး နိုင်ပွဲရရှိသွား ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ သူတို့အသင်းဟာ ၂ ဂိုးပြတ်နဲ့လည်း နိုင်နေပြီး ပွဲက လည်း လွယ်ကူနေတာကြောင့် လူစားမလဲခဲ့တာလို့တောင် ပြောခဲ့
တာပါ။
မန်ချက်စတာယူနိုက်တက် အသင်းကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အိမ်ကွင်း ၂ ပွဲဆက် အရေးနိမ့်မှုနဲ့အတူ ရလဒ်တွေ ဆိုးရွားနေပြီး အမှတ်ပေးဇယား အဆင့် ၆ နေရာကို ရောက်ရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ နိုင်ငံတကာပွဲအပြီးမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်ဖိုဒ့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မန်စီးတီး အသင်း ကတော့ အဲဗာတန်အသင်းနဲ့ ကစားရမှာလည်း ဖြစ်ပါတယ်။