CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၃
ဘာစီလိုနာအသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်စီးတီးအသင်းက စတာလင်နဲ့ လိုက်ပ်ဇစ်အသင်းက အိုလ်မို တို့ကို အငှားနဲ့ ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေတယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
ဘာစီလိုနာ အသင်းဟာ နည်းပြသစ်အဖြစ် ဇာဗီကို ခန့်အပ်မှုနဲ့အတူ ဆောင်းရာသီစျေးကွက်မှာ ကစား သမား အသစ်တွေကို အားဖြည့်ဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းရဲ့ ဘဏ္ဍာ ရေး အခက်အခဲကြောင့် ကစားသမားသစ် ခေါ်ယူဖို့ ကန့်သတ်ရဖွယ် ရှိနေတာပါ။
ဒါပေမယ့် ဘာစီလိုနာအသင်းဟာ စတာလင်နဲ့အိုလ်မိုတို့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး မာကာကတော့ စပိန်ကလပ်ဟာ သူတို့ ၂ ဦးလုံးကို အငှားနဲ့သာခေါ်ယူဖို့ ကမ်းလှမ်းဖွယ်ရှိတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းဟာ သူတို့ ၂ ဦးလုံးကို အပြီးသတ် ခေါ်ယူဖို့ သဘော တူညီချက်နဲ့ပါ ကမ်းလှမ်းဖို့ ရှိနေတာပါ။
အဆိုပါ ကစားသမား ၂ ဦးကလည်း လက်ရှိအချိန်မှာ သူတို့ရဲ့ မိခင်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် မရသေးတာကြောင့် အသင်းက ထွက်ခွာချင်နေတာလည်း ဖြစ်ပါတယ်။
စတာလင်ဟာ ဒီရာသီ မန်စီးတီး အသင်းအတွက် ၁၅ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုးသာ သွင်းယူထားတာ ဖြစ်ပါတယ်။ အင်္ဂလန် ကစားသမားဟာ မန်စီးတီးအသင်းကို လက်ရွေးစင် အသင်းဖော် ဂရီလစ်ရှ် ရောက်ရှိလာပြီးနောက် ပုံမှန်ပွဲကစားခွင့် ဆုံးရှုံးနေ တာပါ။
စတာလင် ကိုယ်တိုင်ကလည်း ပုံမှန်ပွဲထွက်ခွင့်မရရင် ပြည်ပကလပ်တွေထံ သွားရောက် ကစားဖွယ်ရှိတယ်လို့ ပြောထားပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ချိတ်ဆက်မှုတွေ ခံနေရတဲ့ အိုလ်မိုကလည်း လိုက်ပ်ဇစ်အသင်းကနေ ထွက်ခွာဖို့ စိတ်အား ထက်သန်နေတာ ဖြစ်ပါတယ်။ အိုလ်မိုဟာ ဘာစီလိုနာ အသင်းမှာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ လူငယ် ကစားသမားဘဝနဲ့ ကစားခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ဒိုင်နမိုဇာဂရက် အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ စပိန်ကစားသမားဟာ လိုက်ပ်ဇစ် အသင်းကို ၂၀၂၀ ပြည့်နှစ်မှာ ရောက်ရှိခဲ့တာဖြစ်ပြီး ပွဲပေါင်း ၆၇ ပွဲ ပါဝင်ကစားထားတာ ဖြစ်ပါတယ်။