CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၁

ဘာစီလိုနာအသင်းကြယ်ပွင့် ယာမဲလ်က ကတ်တလန်ကလပ်မှာ အလွန်ပျော်ရွှင်ပြီး လာမယ့် ၁၀ နှစ်အတွင်း အသင်းခေါင်းဆောင်ဖြစ်ဖို့ ရည်မှန်းထားတယ်လို့ ပြောခဲ့ပါတယ်။

ယာမဲလ်က “ကျနော်တို့ရဲ့ ပရိသတ်တွေရှေ့မှာ ဘာစီလိုနာအတွက် ကစားခွင့်ရတာဟာ အိပ်မက်တစ်ခု ဖြစ်ပါ တယ်။ ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ အဝတ်လဲခန်းကို မျှဝေပြီး သုံးစွဲရတာကလည်း ထူးခြားတဲ့ အတွေ့အကြုံ ပါ။ ကျနော်ဒီမှာ အလွန်ပျော်ရွှင်ပါတယ်။ ကျနော်ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ဘာစီလိုနာ အင်္ကျီဝတ် ဆင်ပြီး ဆက်ကစားဖို့ပါ။ လာမယ့် ၁၀ နှစ်အတွင်းမှာ ကျနော်ဟာ အသင်းနဲ့အတူ ဆုဖလားအများကြီးရယူပြီး အသင်းခေါင်းဆောင်ဖြစ်ဖို့ အိပ်မက်ရှိတယ် “လို့ ကလပ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကို ပြောခဲ့တာပါ။

အသက် ၁၆ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၃၉ ပွဲ ပါဝင်ကစားထားပြီး ၆ ဂိုး သွင်းယူကာ ၇ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။ 

ယာမဲလ်နဲ့ ဘာစီလိုနာအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိနေပေမယ့် ပီအက်စ်ဂျီ အသင်းဟာ နွေရာသီမှာ အသင်းက ထွက်ခွာမယ့် ဘတ်ပီနေရာမှာ သူ့ကို အစားထိုးဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ 

ယာမဲလ်ကို တွေ့ရစဉ်

ပီအက်စ်ဂျီအသင်းဟာ ယာမဲလ်အတွက် ယူရိုသန်း ၂၀၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် စပိန်ကစားသမားနဲ့ ဘာစီလိုနာ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၁ ဘီလီယံပါရှိတယ်လို့ သိရပါတယ်။

ဒီလိုသတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ယာမဲလ်ကတော့ သူဟာ ဘာစီလိုနာအသင်းမှာ ပျော်ရွှင်နေပြီး သူ့ရဲ့ အနာဂတ်ကလည်း ကတ်တလန်ကလပ်မှာသာ ရှိတယ်လို့ ပြောလာခဲ့တာပါ။

ယာမဲလ်ဟာ ဘာစီလိုနာအသင်းမှာသာ မဟုတ်ဘဲ စပိန်လက်ရွေးစင် အသင်းမှာလည်း အဓိက ကစားသမားအဖြစ် ပါဝင်နေတာ ဖြစ်ပါတယ်။ ယာမဲလ်ဟာ စပိန်အသင်းအတွက် ၄ ပွဲ ပါဝင်ကစားထားပြီး ၂ ဂိုးသွင်းယူထားတာပါ။ 

ယာမဲလ်ဟာ လက်ရှိအချိန်မှာ ကိုလံဘီယာ၊ ဘရာဇီးလ်အသင်းတို့နဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ စပိန် အသင်းနဲ့အတူ ပူးပေါင်းပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

Source: Sportsmole