CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၀

အေစီမီလန်အသင်းတိုက်စစ်မှူး ဂီရော့ဒ်ဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ မေဂျာလိဂ်ကလပ် LAFC အသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးနေပြီး ကစားသမားကလည်း ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။

ဂီရော့ဒ်နဲ့ အေစီမီလန်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီနွေရာသီမှာ ကုန်ဆုံးတော့မှာပါ။ 

ပြင်သစ်တိုက်စစ်မှူးဟာ အခြား မေဂျာလိဂ်ကလပ် အသင်းတွေနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် LAFC အသင်းထံ ပြောင်းရွှေ့ဖို့ကို ဦးစားပေးအဖြစ် သတ်မှတ်ခဲ့ပြီး သဘောတူညီမှု ရယူနိုင်ဖို့လည်း မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

LAFC အသင်းဟာ ၂၀၂၄ မေဂျာလိဂ်ရာသီသစ် မစတင်ခင်က ဂီရော့ဒ်ရဲ့ ပြင်သစ်အသင်းဖော်ဟောင်း ဟူဂိုလိုရစ်ကို ခေါ်ယူထားတာပါ။

အသက် ၃၇ နှစ်အရွယ်ရှိ ဂီရော့ဒ်ဟာ အေစီမီလန်အသင်းမှာ ၃ ရာသီကြာ ကစားခဲ့ပြီး ၂၀၂၁-၂၂ ရာသီက စီးရီးအေ ဖလား ရယူနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

 ဂီရော့ဒ်ကို တွေ့ရစဉ်

ဂီရော့ဒ်ဟာ ဒီရာသီမှာ အေစီမီလန်အသင်းအတွက် ခြေစွမ်းပြသနေပြီး စီးရီးအေ ၂၆ ပွဲ ကစားထားတာမှာ ၁၂ ဂိုး သွင်းယူပြီး ၈ ဂိုးဖန်တီးထားတာပါ။ 

ပြင်သစ်တိုက်စစ်မှူးဟာ အေစီမီလန်အသင်းထံ မပြောင်းရွှေ့ခင် ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ ပြင်သစ်ကလပ် အများအပြားမှာ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

LAFC အသင်းဟာ နောက်ဆုံး ၂ ရာသီဆက်တိုက် MLS Cup ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပြီး ၂၀၂၂ ရာသီမှာ ချန်ပီယံဆု ကို ရယူနိုင်ခဲ့ကာ ပြီးခဲ့တဲ့ရာသီကတော့ ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့တာပါ။

LAFC အသင်းဟာ ဒီရာသီ မေဂျာလိဂ်ပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်နဲ့ အနောက်ပိုင်းဇုန် အမှတ်ပေး ဇယားမှာ အဆင့် ၁၀ နေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။

LAFC အသင်းဟာ မတ်လ ၂၃ ရက်မှာ မေဂျာလိဂ်ပွဲစဉ်အဖြစ် နက်ရှ်ဗီလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ဂီရော့ဒ်ကတော့ လက်ရှိအချိန်မှာ ဂျာမနီ၊ ချီလီအသင်းတို့နဲ့ ခြေစမ်းပွဲကစားမယ့် ပြင်သစ်အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။