၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၆

ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး မက်ဆီဟာ အခုနှစ်အတွက် ပေးအပ်တဲ့ ဘောလွန်းဒီအောဆုကို ရရှိခဲ့ပြီလို့ ဆုချီးမြှင့်တဲ့ ပြင်သစ်ဘောလုံးက ကစားသမားကို ပြောခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြ ထားပါတယ်။

မက်ဆီဟာ ဒီဆုကို ရရှိဖို့အတွက် လပေါင်းများစွာကြာအောင် ရေပန်းစားနေခဲ့တာလည်း ဖြစ်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာ အသင်းနဲ့အတူ ကိုပါဒယ်ရေးဖလား အောင်မြင်မှုသာ ရယူနိုင်ခဲ့တာဖြစ်ပေမယ့် အာဂျင်တီးနား လက်ရွေး စင် အသင်းနဲ့ ကိုပါအမေရိကဖလား ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် အခုလို ရေပန်းစားခဲ့တာလည်း ဖြစ်ပါတယ်။

မက်ဆီဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ချန်ပီယံဆု ရရှိအောင် ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုရတဲ့အထိ အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မက်ဆီအတွက်တော့ ကိုပါအမေရိကဖလားဟာ လက်ရွေးစင်အသင်းနဲ့အတူ ရရှိတဲ့ ပထမဆုံး ဆုဖလားလည်း ဖြစ်ခဲ့တာပါ။

ပုံ- ကိုပါအမေရိကဖလားကို အာဂျင်တီးနားအသင်းနဲ့အတူ ဆွတ်ခူးခဲ့စဉ်။

ပေါ်တူဂီ တီဗီချန်နယ်လ်ဖြစ်တဲ့ RTP က မက်ဆီကို အခုနှစ်အတွက် ဘောလွန်းဒီအောဆု ရရှိတဲ့သူအဖြစ် အကြောင်းကြားခဲ့ တယ် လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

မက်ဆုဟာ ဆုရရှိမှုနဲ့ပတ်သက်ပြီး ပြင်သစ်ဘောလုံးနဲ့တောင် အင်တာဗျုး ဖြေထားပြီး ဖြစ်တယ်လို့လည်း အဆိုပါ သတင်းက ထပ်မံဖော်ပြခဲ့တာပါ။

 

မက်ဆီအတွက်တော့ အခုတစ်ကြိမ် ရရှိခဲ့မယ်ဆိုရင် ဘောလွန်းဒီအောဆုကို ၇ ကြိမ်မြောက် ရရှိသွားမှာလည်း ဖြစ်ပါတယ်။ အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ရရှိဖို့ မက်ဆီနဲ့အပြိုင် ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီး၊ ရီးရယ်လ် အသင်းတိုက်စစ်မှူး ဘန်ဇီမာနဲ့ ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုတို့က ရေပန်းစားနေခဲ့တာ ဖြစ်ပါ တယ်။

လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ဂိုးအများအပြား သွင်းပြီး ဆုဖလားတွေကို ရယူနိုင်ခဲ့တာဖြစ်ပြီး၊ ဘန်ဇီမာ က ပြင်သစ်လက်ရွေးစင်အသင်းနဲ့ နေးရှင်းလိဂ်၊ ဂျော်ဂျင်ဟိုက ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်၊ အီတလီနဲ့ ယူရိုချန်ပီယံဆု တွေကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေ မှန်/မမှန် ဆိုတာကတော့ ဆုချီးမြှင့်မယ့် အခုလ ၂၉ ရက်နေ့ကျရင် သိရတော့မှာလည်း ဖြစ်ပါ တယ်။