၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၆
မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာက မန်ယူအသင်း တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ အသက် ၇၅ နှစ်အရွယ်ထိ ဂိုးတွေ သွင်းယူနိုင်ဦးမယ်လို့ ပြောလိုက်ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က မန်စီးတီးအသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့ပေမယ့် အသင်းဟောင်း မန်ယူအသင်း ကိုသာ နောက်ဆုံးမှာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ မန်ယူအသင်းကို ၁၀ စုနှစ်ကျော်ကြာမှ ပြန်လည် ရောက်ရှိ လာခဲ့တာဖြစ်ပြီး ဒီနေ့ညမှာ ကစားမယ့် မန်ချက်စတာဒါဘီပွဲစဉ်
မှာ အသင်းကို ဦးဆောင်လာမှာလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ လက်ရှိမှာတော့ အသက် ၃၆ နှစ်အရွယ် ရှိပြီဖြစ်ပေမယ့် အခုအချိန်ထိ အကောင်းဆုံးပုံစံမှာ ရှိနေသေးကြောင်း ကို အရေးပါတဲ့ ဂိုးတွေသွင်းယူပြီး သက်သေပြသနေတာပါ။
ပုံ- ဂွာဒီယိုလာ Sky Sport နဲ့ အင်တာဗျူးဖြေနေစဉ် (Sky Sport)
ဂွာဒီယိုလာက “ရော်နယ်ဒိုဟာ သူ့ဘဝ တလျှောက်လုံး ဂိုးတွေ သွင်းနေဦးမှာပါ။ သူဟာ အသက် ၇၅ နှစ်အရွယ် အနားယူနေ တဲ့ အချိန်မှာတောင် အသားကင်နေရင်း ပွဲတွေကစားပြီး ဂိုးတွေ သွင်းဦးမယ့်သူပါ။ မက်ဆီတို့ သူတို့လို ကစားသမားတွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဂိုးတွေသွင်းပြီး အသင်းကို နိုင်ပွဲရအောင် ကူညီနေတဲ့ သူတွေပါ။ ဒါကပဲ သူတို့ဟာ ဘယ်လိုလူတွေ ဖြစ်လဲ ဆိုတာကို ကိုယ်တိုင်ပြောနေတာပါ”လို့ ပြောပါတယ်။
၎င်းက ဆက်လက်ပြီး “သူပရီးမီးယားလိဂ်ကို ပြန်လာတာ အလွန်ကောင်းပါတယ်။ ယူနိုက်တက်နဲ့ ရော်နယ်ဒို၊ ရော်နယ်ဒိုနဲ့ ယူနိုက်တက်ဆိုတာ အချိန်အကြာကြီး ရှိခဲ့တာပါ။ ဒါဟာ အချိန်တွေ ကြာခဲ့ပြီဆိုပေမယ့် အခုအချိန်မှာတော့ လက်ရှိမှာရော အနာဂတ်မှာပါ ဖြစ် လာနိုင်တော့မှာပါ။ ဒါကို ကျနော်တို့ ကြည့်ရပါမယ်”လို့ Sky Sports နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာ ပါ။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တုန်းက ဂျုဗင်တပ်စ်ကနေ ထွက်ခွာတော့မယ့်အချိန်မှာ အသင်းအများအပြားနဲ့ ချိတ်ဆက်မှုရှိခဲ့ပါတယ်။အဲဒီအထဲမှာ မန်စီးတီးလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။
မန်စီးတီး အသင်းဟာ ရော်နယ်ဒိုကို ခေါ်ယူဖို့ ဦးဆောင်ခဲ့ပေမယ့် ကစားသမားဟာ အသင်းဟောင်း မန်ယူအသင်းကို ပြန်လည် ပြောင်းရွှေ့ သွားခဲ့တာပါ။ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ မန်ယူအသင်းအတွက် ၁၁ ပွဲ ပါဝင်ကစားထားပြီး ၉ ဂိုးသွင်းယူ ထားတာလည်း ဖြစ်ပါတယ်။
ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ဒီသွင်းဂိုးတွေထဲမှာ ချန်ပီယံလိဂ်သွင်းဂိုး ၅ ဂိုးအထိ ပါဝင်ပြီး မန်ယူအသင်းကို ကယ်တင် ပေးနေတာလည်း ဖြစ်ပါတယ်။