CNI Sport News

၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၅

ဘာစီလိုနာ အသင်းနည်းပြသစ်ဖြစ်လာမယ့် အသင်းဖော်ဟောင်း ဇာဗီအနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမား သစ် ၃ ဦး ခေါ်ယူဖို့ လိုအပ်တယ်လို့ ရီဗယ်လ်ဒိုက ပြောလိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့လက ရလဒ်ဆိုးတွေကြောင့် နည်းပြ ရော်နယ်လ်ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး နောက်မှာတော့ အသင်းရဲ့ ဂန္တဝင်ကစားသမား ဇာဗီက ဒီရာထူးကို ရယူနိုင်ဖို့ ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။

ရော်နယ်လ်ကိုးမန်း လက်ထက်မှာ ဘာစီလိုနာအသင်းဟာ လာလီဂါ ၁၀ ပွဲကစားပြီး ၁၅ မှတ်သာရရှိခဲ့သလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ရှုံးပွဲ ၂ ပွဲ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

စပိန်ထိပ်တန်း အသင်းကြီးကို ကိုင်တွယ်ရမှာဟာ အတွေ့အကြုံ အားနည်းတဲ့ ဇာဗီအတွက်တော့ ခက်ခဲတဲ့ စမ်းသပ်မှု ဖြစ်လာ နိုင်တဲ့အတွက် အသင်းလူစာရင်းကို တက်နိုင်သမျှ အားကောင်းအောင်လုပ်ဖို့ လိုတယ်လို့ ရီဗယ်လ်ဒိုက အကြံပေးခဲ့တာ ဖြစ်ပါ တယ်။

ပုံ-ထုတ်ပယ်ခံလိုက်ရတဲ့ ရော်နယ်လ်ကိုးမန်းကိုတွေ့ရစဉ်။ (Great Goals)

ရီဗယ်လ်ဒိုက “ဇာဗီဟာ ဘာစီလိုနာ အသင်းနည်းပြ ဖြစ်လာမှာဖြစ်ပြီး သူဟာ ခက်ခဲတဲ့ စမ်းသပ်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ထက်မြတ်တဲ့ ခေါ်ယူမှု အနည်းငယ်က ဒီရာသီမှာ သူ့အတွက် အောင်မြင်မှု အခွင့် အလမ်းတွေကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ အသင်းအတွက် အားဖြည့်ဖို့ ကစားသမားသစ် ၂ ဦး ဒါမှမဟုတ် ၃ ဦး လောက် လိုအပ်ပါတယ်”လို့ ပြောပါတယ်။

“ဇာဗီ အနေနဲ့ လက်ရှိ ကစားသမားတွေထဲက အကောင်းဆုံး အရည်အသွေးကို ထုတ်ယူနိုင်ဖို့လည်း လိုအပ်ပါတယ်။ သူတို့ရဲ့ အရည်အသွေးနဲ့ ကစားဟန်ကို လိုက်လျောညီထွေဖြစ်အောင် လုပ်ရမှာပါ။ အသင်းမှာ အရည်အချင်းရှိတဲ့ လူငယ်တွေ အများ ကြီးရှိပါတယ်။ သူတို့ရဲ့ အရည်အသွေးအားလုံးကို လွတ်လွတ်လပ်လပ်နဲ့ မြှင့်တင်နိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒီလို တစ်ချိန် တည်းမှာပဲ လူငယ်ကစားသမားတွေကို ဖိအားဒဏ်မခံရအောင် တာဝန်ယူနိုင်မယ့် အတွေ့အကြုံရင့် ကစားသမားတွေလည်း လိုအပ်ပါတယ်”လို့ ၎င်းက ထပ်လောင်းပြောပါတယ်။

“လူငယ်ကစားသမားတွေကို အသုံးချသင့်ပေမယ့် သူတို့ရဲ့ ကစားသမားဘဝအစမှာ အရမ်းကြီး အားကိုးလို့ မရပါဘူး”လို့ Betfair နဲ့ အင်တာဗျုးပြုလုပ်ရာမှာ ပြောခဲ့တာဖြစ်ပါတယ်။

အယ်လ်ဆတ်အသင်းကို ကိုင်တွယ်နေတဲ့ ဇာဗီ ကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းကို ကိုင်တွယ်ချင်တယ်လို့ ဝန်ခံထား တာ ဖြစ်ပါတယ်။