CNI Sport News
၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၅
အင်္ဂလန်လက်ရွေးစင် အသင်းနည်းပြ ဆောက်ဂိတ်က အခုလထဲမှာ ကစားမယ့် နိုင်ငံတကာပွဲစဉ်တွေအတွက် အသင်းလူ စာရင်းကို ထုတ်ပြန်ခဲ့တာမှာတော့ မန်ချက်စတာယူနိုက်တက် ကစားသမား ၃ ဦးဖြစ်တဲ့ ဆန်ချို၊ ဂရင်းဝုဒ်နဲ့ လင်ဂတ်တို့ကို ချန်ထားခဲ့တာတွေ့ရပါတယ်။
အခုလို အသင်းလူစာရင်းကနေ ချန်ထားခဲ့တာကတော့ ဆန်ချိုနဲ့ လင်ဂတ်တို့ဟာ ပွဲကစားချိန်နည်းလို့ ချန်လှပ်ခဲ့တာဖြစ်ပြီး ဂရင်းဝုဒ်ကတော့ တခြား အကြောင်းရင်းတွေကြောင့် ဖြစ်တယ်လို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။
ဆန်ချိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဒေါ့မွန်အသင်းကနေ ပေါင် ၇၃ သန်းနဲ့ မန်ချက်စတာယူနိုက်တက် အသင်း ဆီကို ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲပေါင်းမှ ၈၅ မိနစ်ပဲ ပါဝင်ကစားခဲ့ရတာ ဖြစ်ရပါတယ်။
လင်ဂတ်ကလည်း မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက် ကစားခွင့်ရဖို့ ရုန်းကန်နေရတာဖြစ်ပြီး အခုအချိန်ထိ ပရီးမီးယားလိဂ် တစ်ပွဲမှ ပါဝင်ကစားရခြင်း မရှိသေးပါဘူး။ ဂရင်းဝုဒ်ကတော့ ဒီရာသီ မန်ချက်စတာယူနိုက်တက် အသင်း အတွက် ပရီးမီးယားလိဂ် ၉ ပွဲမှာ ၄ ဂိုး သွင်းယူထားပြီး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
ပုံ- ဂရင်းဝုဒ်တွေ့ရစဉ်။(we all follow united)
ဂရင်းဝုဒ်ကို ချန်လှပ်ခဲ့တာနဲ့ ပတ်သတ်ပြီး ဆောက်ဂိတ်က “ဒီလထဲမှာတော့ ကျနော်တို့ မဆွေးနွေးရသေးပါဘူး။ ဒီလထဲမှာ သူနဲ့တွေ့ခဲ့ပြီး သူဘယ်မှာ ရှိနေတယ်ဆိုတာကို လုံးဝနားလည်ပါတယ်။ ပြီးခဲ့တဲ့လက လူငယ်ကစားသမားတွေနဲ့ သူတို့ရဲ့ လမ်း ကြောင်းကို ပြောခဲ့ပါတယ်။ သူတို့ သွားနေတဲ့ ဝန်က မတူပါဘူး။ သူဟာ ကြီးမားတဲ့ ရည်မှန်းချက် မျှော်လင့်ချက်တွေနဲ့ အသင်းကြီးမှာ ရှိနေတာပါ။ ဒါဟာ နိုင်ငံတကာ ဘောလုံးလောကရဲ့ အစိတ်အပိုင်းတစ်ခုလို့ အသိအမှတ် ပြုရမှာလည်း ဖြစ်ပါ တယ်။ ဒီအသက်အရွယ်မှာ ကစားသမားအများစုက ဒီလိုပါပဲ။ လူငယ်တွေ ဖွံဖြိုးတိုးတက်ရေးက ကျနော်တို့ အတွက် အလွန် ရင်းနှီးကျွမ်းဝင်တဲ့ လမ်းကြောင်းပါ”လို့ ပြောခဲ့ပါတယ်။
ဆန်ချိုနဲ့ လင်ဂတ်တို့ကလည်း အင်္ဂလန်အသင်းရဲ့ အနာဂတ် အစိတ်အပိုင်းမှာ ပါဝင်တယ်လို့ ၎င်းက ထပ်မံ ပြောခဲ့ပါတယ်။
“ဂျီဆီနဲ့ ဂျေဒန်တို့ဟာ အခြားကစားသမားတွေနဲ့ ယှဉ်ရင် အများကြီး မကစားခဲ့ရပါဘူး။ ကလပ်အသင်းအတွက်သာ ပုံမှန် ကစားခဲ့မယ်ဆိုရင် သူတို့ရဲ့ ကစားပုံကို အကဲဖြတ်ဖို့ ကျနော်တို့အတွက် အခွင့်အရေး ကောင်းတွေ အများကြီးရှိ ပါတယ်။ သူတို့ ၂ ဦးဟာ သူတို့ကစားနေတဲ့ နေရာအတွက် ပြိုင်ဆိုင်မှု ကောင်းတွေ ရခဲ့ပါတယ်။ သူတို့အနေနဲ့ ကလပ်အတွက် ကစားရ မယ်ဆိုတာကို သိပါတယ်။ သူတို့ဟာ ကျနော်တို့ အတွက်လည်း ကောင်းကောင်း လုပ်ခဲ့ပြီးပါပြီ။ သူတို့ ပြန်လာနိုင်မယ်ဆိုတာ သေချာတယ်လို့”လို့ ဆောက်ဂိတ်က ပြောခဲ့တာ ဖြစ်ပါတယ်။