၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၅

စပါးအသင်းရဲ့ နည်းပြသစ် ကွန်တီက ဗီတက်ဆီ အသင်းကို အနိုင်ရတဲ့ပွဲမှာ အသင်းအနေနဲ့ နေရာစုံမှာ တိုးတက်ဖို့ လိုအပ် နေသေးတယ်လို့ ပြောလိုက်ပါတယ်။

ကွန်တီဟာ စပါးအသင်း နည်းပြဘဝ ပထမဆုံးပွဲစဉ်အဖြစ် ဒတ်ချ်ကလပ် အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါကွန်းဖရန့်စ်လိဂ် အုပ်စုပွဲစဉ်မှာ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ စပါးအသင်းက ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကွန်တီ အတွက်တော့ စပါးနည်းပြဘဝ အဖွင့်လှခဲ့တာလည်း ဖြစ်ပါတယ်။

စပါးအသင်းဟာ ဒီပွဲရဲ့ ပွဲအစ မိနစ် ၃၀ မှာပဲ ဦးဆောင်ဂိုး ၃ ဂိုးလုံး ရယူနိုင်ခဲ့တာ ဖြစ်ပေမယ့် မိနစ်အနည်းငယ် အကြာမှာ ချေပဂိုး ၂ ဂိုး ခွင့်ပြုခဲ့ရတာလည်း ဖြစ်ပါတယ်။

အဲဒီနောက် ဒုတိယပိုင်းမှာ နောက်ခံလူ ရိုမဲရိုး အထုတ်ခံခဲ့ရပြီး အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် ပွဲပြီးဆုံးခါနီး အချိန်မှာ ဗီတက်ဆီအသင်းက ကစားသမား ၂ ဦး အထုတ် ပယ်ခံခဲ့ရလို့ ပွဲအပြီးမှာ ခက်ခဲတဲ့ နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကွန်တီဟာ တနင်္ဂနွေနေ့မှာလည်း အဲဗာတန်နဲ့ကစားမယ့် ပွဲစဉ်အတွက် စပါးအသင်းကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

ပုံ-စပါးအသင်းကစားသမားများ။(The Sun)

ကွန်တီက “ဒါဟာ အလွန် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ ပွဲစဉ်ပါ။ ပုံမှန်ဆိုရင် ဒီလိုပွဲတွေကို ကျနော်သဘောကျ နှစ်သက် ခြင်း မရှိပါဘူး။ ဒီပွဲက ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ဒီပွဲက အနိုင်ရသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ၃ ဂိုးရပြီးတဲ့ အချိန်မှာ ၂ ဂိုး ပြန်ပေးလိုက်ရတယ်။ အနီကတ်ထိခဲ့တာက အနည်းငယ် ပြသနာရှိခဲ့ပါတယ်။ ပြသနာရှိနေတဲ့ အချိန်မှာ အနိုင်ရဖို့က ဒီ အသင်းအတွက်ရော ကစားသမားတွေအတွက်ရော ကောင်းပါတယ်”လို့ ပြောပါတယ်။

“သူတို့ရဲ့ ယုံကြည်မှုကို မြင့်တင်ဖို့ လိုပါတယ်။ သူတို့က အလုပ်တွေ အများကြီးလုပ်ဖို့ လိုအပ်ပါသေးတယ်။ သေချာတာ ကတော့ သူတို့တွေ တိုးတက်ဖို့ လိုပါတယ်။ လာမယ့်ပွဲဖြစ်တဲ့ အဲဗာတန်နဲ့ ပွဲအတွက် ပြင်ဆင်ချိန် ၂ ရက်ပဲ ရှိပါတော့တယ်။ အခုဆိုရင် ၁ ရက်ပဲ ရပါတော့တယ်။ နည်းဗျုဟာပိုင်းအရရော ရုပ်ပိုင်းအရပါ ကဏ္ဍပေါင်းစုံမှာ အလုပ်လုပ်ရမှာဖြစ်လို့ စိတ် ရှည် သည်းခံဖို့တော့ လိုပါတယ်။ ကျနော်က အလုပ်ကို မကြောက်ပါဘူး။ အလုပ်ကနေ တဆင့် အရေးကြီးတဲ့ ပစ်မှတ်ကို ရောက်နိုင်တယ်ဆိုတာ သိပါတယ်”လို့ ပွဲအပြီး BT Sport နဲ့ တွေ့ဆုံရာမှာ ပြောခဲ့တာ ဖြစ်ပါတယ်။