၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၅
ဘိုဒိုဂီလင့်မ်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါ ကွန်းဖရန့်စ်လိဂ် အုပ်စုအဆင့် ပွဲစဉ်မှာ အသင်းရနိုင်မယ့် ပင်နယ်တီ ၂ လုံးကို ခွင့်မ ပြုခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ အရည်အသွေးကို ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက ဝေဖန်ပြစ်တင် လိုက်ပါတယ်။
ရိုးမားအသင်းဟာ ဒီပွဲမှာ နော်ဝေကလပ်ရဲ့ ဦးဆောင်ဂိုးတွေကို အယ်လ်ရှာရာဝေးနဲ့ အိုင်ဘီနတ်ဇ်တို့က ချေပဂိုးတွေ သွင်းယူ ပေးနိုင်ခဲ့လို့ တဖက်(၂)ဂိုးစီ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ဒီပွဲမှာ ပထမအကြိမ် တွေ့ဆုံခဲ့တုန်း က ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ အသင်းလူစာရင်းကို အပြောင်းအလဲ အများကြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပထမအကျော့အဖြစ် တွေ့ဆုံခဲ့တုန်းက နော်ဝေကလပ်ကို ၆ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီး မော်ရင်ဟိုရဲ့ နည်းပြဘဝ အဆိုးရွားဆုံး ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ မော်ရင်ဟိုကတော့ သူ့ရဲ့ အသင်းအပေါ် ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ် ချက်တွေနဲ့ ပတ်သက်ပြီး စိတ်ပျက်စရာတွေကို ပြောဆိုထားခဲ့ပါတယ်။ ယူရိုပါကွန်းဖရန့်စ်လိဂ်မှာ VAR စနစ် အသုံးမပြုတဲ့ အပေါ်မှာ ပေါက်ကွဲနေတာလည်း ဖြစ်ပါတယ်။
ပုံ-ရိုးမားအသင်းနဲ့ ဘိုဒိုဂီလင့်မ်အသင်း ယှဉ်ပြိုင်နေစဉ်။ (Marca)
မော်ရင်ဟိုက “ဒီရလဒ်က ကျနော်တို့ အတွက် ဆိုးရွားတယ်လို့ ထင်ပါတယ်။ စွမ်းဆောင်ရည် ပိုင်းမှာလည်း မကောင်းမွန်ခဲ့ ပါ ဘူး။ နည်းစနစ်ပိုင်းမှာ အမှားအယွင်းတွေ အများကြီး လုပ်ခဲ့ပါတယ်။ ကျနော်တို့ ဘောလုံးတွေလည်း ဆုံးရှုံးခဲ့ပါတယ်။ ပွဲက တဖက် ၂ ဂိုးစီ သရေဖြစ်ခဲ့ပေမယ့် ပင်နယ်တီ ၂ ခုကတော့ သေချာပေါက် ရကိုရရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပါပဲ။ ခင်ဗျား အနေနဲ့ ကြိုက်သလို ပြောလို့ရပါတယ်။ ဒါပေမယ့် ပွဲကတော့ ၂-၂ ပါပဲ။ သူတို့က ဂိုးပေါက် ၂ ကြိမ် တည့်ခဲ့ပြီး ၂ ဂိုး ဝင်ခဲ့ပါ တယ်။ ကျနော်တို့ကလည်း ၂ ဂိုးရခဲ့ပြီး သေချာ ပေါက်ရမယ့် ပင်နယ်တီ ၂ ဂိုးကတော့ အငြင်းခံလိုက်ရပါတယ်”လို့ ဆိုပါတယ်။
“သနားစရာကောင်းတဲ့ ဒိုင်လူကြီးတွေအနေနဲ့ ကွန်းဖရန့်စ်လိဂ်မှာပဲ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းကို စတင်ရလား ဆိုတာ မသိပါဘူး။ နော်ဝေမှာတုန်းက ဒိုင်လူကြီးနဲ့ ပတ်သက်ပြီး ကျနော်ဘာကိုမှ မပြောခဲ့ပါဘူး။ အဲ့ဒီတုန်းက ၆ ဂိုး- ၁ ဂိုးနဲ့ အရေး နိမ့်ခဲ့လို့ပါ။ ဒါပေမယ့် အခုအချိန်မှာတော့ ပင်နယ်တီ ၂ လုံးက သေချာပေါက် ရှင်းရှင်းလင်းလင်းကို ရရမှာပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ရိုးမားအသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားတာကြောင့် မော်ရင်ဟို အနေနဲ့ ဖိအားဒဏ်တွေ စတင်ခံစားနေရပြီလည်း ဖြစ်ပါတယ်။