CNI Sport News
၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၃
မန်ချက်စတာယူနိုက်တက် အသင်းနောက်ခံလူ ဗာရန်းဟာ အတ္တလန္တာအသင်းနဲ့ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အခုအပတ်ထဲ ကစားမယ့် မန်စီးတီးနဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဘီဘီစီ သတင်းက ဖော်ပြခဲ့ပါတယ်။
ပြင်သစ်လက်ရွေးစင် ကစားသမားဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၃၈ မိနစ်မှာ တံကောက်ကြောဒဏ်ရာ ရရှိသွားတာကြောင့် လူစားလဲ ခံခဲ့ရတာ ဖြစ်ပါတယ်။
ဗာရန်းဟာ ပြင်သစ်လက်ရွေးစင် အသင်းနဲ့အတူ ကစားခဲ့တဲ့ နေရှင်းလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် စပါးအသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကြမှ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပြန်လည် ပါဝင်ကစားနိုင်ခဲ့တာ ဖြစ်ပါ တယ်။
ပုံ- မန်ယူနောက်ခံကစားသမား ဗာရန်းကိုတွေ့ရစဉ်။
ဗာရန်း ပြန်လည်ပါဝင်ခဲ့တဲ့ ဒီပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ခံစစ်ပိုင်းဟာ သိသိသာသာ ကောင်းမွန်ခဲ့တာ ဖြစ်ပြီး ဂိုးမပေးရပဲ စပါးအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
အတ္တလန္တာနဲ့ ပွဲစဉ်မှာ ဗဟိုနောက်ခံလူ တစ်ဦးဖြစ်တဲ့ လင်ဒီလောဖ့်လည်း မပါဝင်ခဲ့တာကြောင့် မန်စီးတီးနဲ့ ပွဲစဉ်မှာ သူလည်း ပါဝင်နိုင်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေခဲ့တာပါ။
ဆိုးလ်ရှားကတော့ ဗာရန်းရဲ့ ဒဏ်ရာအခြေအနေကို ဒီနေ့မှာ အကဲဖြတ် စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါ တယ်။
ဆိုးလ်ရှားက “ပထမဆုံးကြည့်လိုက်တဲ့ အချိန်မှာ သူဟာ တံကောက်ကြော ဒဏ်ရာပြဿနာကို ခံစားနေရပါတယ်။ အဲဒါ ကြောင့် သူဟာ ဒီထက်ပိုပြီး ဒဏ်ရာရမယ့် အခြေအနေကို မစွန့်စားချင်တော့ပါဘူး။ သူ့ကို ပထမအကြိမ် အကဲဖြတ် ကြည့် တဲ့အခါမှာ ကြည့်ရတာ အဆင်မပြေဘူး”လို့ ပြောပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ခံစစ်ပိုင်းဟာ လက်ရှိအချိန်မှာ ဆိုးဆိုးရွားရွား ဖြစ်နေတာဖြစ်ပြီး စပါးအသင်းနဲ့ ပွဲစဉ် ကလွဲရင် ပွဲတိုင်းနီးပါးကို သွင်းဂိုးတွေ ခွင့်ပြုထားရတာလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် မန်ချက်စတာယူနိုက်တက် အသင်း ဟာ မန်စီးတီးနဲ့ ကစားမယ့်ပွဲမှာတော့ ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ပိုင်းကို ခက်ခက်ခဲခဲ ထိန်းချုပ် ရဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။