၂၀၂၁ ခုနှစ်၊နို၀င်ဘာ ၃
မန်ယူအသင်းနဲ့ အတ္တလန္တာ အသင်းတို့ ဒီနေ့ မနက်ပိုင်းက ချန်ပီယံလိဂ်ပွဲစဉ်မှာ ယှဉ်ပြိုင်ခဲ့အပြီး ဘယ်တော့မှအရှုံးမပေးဘဲ အဆုံးထိ တိုက်ပွဲ၀င်သွားမယ်လို့ ရော်နယ်ဒိုက ပြောသွားခဲ့ပါတယ်။
ရော်နယ်ဒို က “ဒါဟာခက်ခဲတဲ့ ပွဲပါ။အတ္တလန္တာနဲ့ ဘာဂါမိုမှာ ကစားတဲ့ အခါတိုင်း အမြဲတမ်းပဲ ခက်ခဲပါတယ်။ အဆုံးထိ ယုံကြည်မှုရှိခဲ့ပြီး အသင်းကို အမှတ်ရအောင်ကူညီပေးနိုင်ခဲ့လို့ ကျနော် အလွန်ပျော်ပါတယ်။ကျနော်တို့ ဘယ်တော့မှ အရှုံးမပေးဘဲ အဆုံးထိ တိုက်ပွဲဝင်ခဲ့ကြပါတယ်”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
မန်ယူအသင်းကတော့ ဒီမနက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အတ္တလန္တာ အသင်းနဲ့ တဖက် ၂ ဂိုးစီ သရေကျ သွားခဲ့ပါ တယ်။ ဒီပွဲမှာ အတ္တလန္တာ အသင်းက အီလီချစ်နဲ့ ဇာပါတာတို့က ဦးဆောင်ဂိုးတွေ သွင်းယူခဲ့ပေမယ့် ရော်နယ်ဒိုက နာကျင် အချိန်ပိုတွေမှာ ချေပဂိုးတွေ လိုက်သွင်းပေးခဲ့လို့ မန်ယူအသင်း သရေရလဒ် ရရှိခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုကတော့ ဒီပွဲအပြီးမှာ မန်ယူအသင်းအနေနဲ့ တိုးတက်မှုတွေ များစွာ လိုအပ်နေသေးတယ်လို့ ဝန်ခံစကား ပြောဆိုခဲ့ ပါတယ်။
ပုံ-မန်ယူနည်းပြ ဆိုးရှားလ်နဲ့ရော်နယ်ဒိုကိုတွေ့စဉ်။
ရော်နယ်ဒိုဟာ ဗီလာရီးရယ်လ်နဲ့ ပွဲစဉ်ကစပြီး အတ္တလန္တာနဲ့ ပထအကျော့၊အခု ဒုတိယအကျော့ ပွဲစဉ်တွေမှာ မန်ယူ အသင်း ကို နောက်ကျ သွင်းဂိုးတွေ သွင်းယူပေးပြီး ကယ်တင်ပေးနေတာလည်း ဖြစ်ပါတယ်။
“ဒါဟာ ကျနော်တို့အတွက် အလွန်ကောင်းမွန်တဲ့ ရလဒ်လို့ ကျနော်ထင်ပါတယ်။ အစပိုင်းမှာ ခက်ခဲခဲ့ပါတယ်။ အတ္တလန္တာက ကျနော်တို့ကို ဖိအားတွေ အများကြီး ပေးမယ်ဆိုတာကို သိပါတယ်။သူတို့မှာ ထူးချွန်တဲ့ နည်းပြရှိပြီး ကွင်းထဲမှာ အချိန်တိုင်း ဘာတွေ လုပ်ရမလဲဆိုတာကို သိပါတယ်။ သူတို့နဲ့ ကစားရတာဟာ အမြဲတမ်း ခက်ခဲပါတယ်။ ကျနော်တို့ ကောင်း မွန်စွာ အလုပ်လုပ်ခဲ့ပြီး ကောင်းမွန်စွာလည်း ကာကွယ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ တိုးတက်ဖို့ လိုအပ်နေဆဲပါပဲ၊ ကျနော်တို့မှာ မတူ ညီတဲ့ ကစားသမားတွေ ရှိတယ်၊ စနစ်တွေလည်း ကွဲပြားပါတယ်”လို့ ရော်နယ်ဒိုက ဆိုခဲ့ပါတယ်။
ဆက်ပြီးတော့ ရော်နယ်ဒိုက “ဒါကို ကျနော်တို့ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ရပါမယ်။ အဲဒီလိုဖြစ်ဖို့ အချိန်ယူ ရပါမယ်။ ကျနော့် အမြင်အရတော့ တိုးတက်ဖို့နဲ့ ပိုကောင်းအောင်လုပ်ဖို့ အချိန်ယူရပါမယ်”လို့ ဆိုပါတယ်။
မန်ယူအသင်းဟာ အတ္တလန္တာအသင်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပွဲရလဒ်ကြောင့် ချန်ပီယံလိဂ်အုပ်စုတွင်း ထိပ်ဆုံးနေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။