၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၃

ဖီဖာဥက္ကဋ္ဌဟောင်း ဘလတ္တာနဲ့ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌဟောင်း ပလာတီနီ တို့ကို လိမ်လည်မှု အပါအ၀င် အခြားပြစ်မှုတွေနဲ့ ဆွစ်ဇာလန်နိုင်ငံက တရားစွဲဆိုထားတယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။

ဘလတ္တာဟာ ၂၀၁၁ ခုနှစ်က ပလာတီနီထံ ပေါင် ၁ ဒသမ ၆ သန်းကို ဥပဒေမဲ့လွှဲပြောင်းဖို့ စီစဉ်ခဲ့တယ်ဆိုပြီး ဆွစ်ဇာလန် အစိုးရရှေ့နေတွေက ပြောပါတယ်။

အစိုးရရှေ့နေတွေက ဒီလိုငွေပေးချေမှုဟာ ဖီဖာရဲ့ ပိုင်ဆိုင်မှုတွေကို ပျက်စီးစေပြီး ပလာတီနီကို ဥပဒေမဲ့ ကြွယ်ဝစေခဲ့တယ် လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ သူတို့ ၂ ဦးဟာ လက်ရှိအချိန်မှာ Bellinzona မှာရှိတဲ့ တရားရုံးမှာ တရားရင်ဆိုင် နေရတာလည်း ဖြစ်ပါတယ်။

အခုစွဲချက်နဲ့ ပတ်သတ်ပြီး အပြစ်ရှိကြောင်း တွေ့ရှိခဲ့မယ်ဆိုရင်တော့ ဘလတ္တာတာနဲ့ ပလာတီနီတို့ဟာ ထောင်ဒဏ် နှစ်များ စွာ ဒါမှမဟုတ် ငွေဒဏ် အများအပြား ကျခံရမှာလည်း ဖြစ်ပါတယ်။

သူတို့ ၂ ဦးဟာ ငွေကြေး အလွဲသုံးစား လုပ်မှုနဲ့ ရာထူးတွေကနေ ဖယ်ရှားခံခဲ့ရတာဖြစ်ပြီး ဖီဖာကျင့်ဝတ်ကော်မတီက ဒီ စုံစမ်းစစ်ဆေးမှုကို ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခု အဖြစ်အပျက်တွေကြောင့် ဖီဖာကို (၁၇)နှစ်ကြာ တာဝန်ယူခဲ့တဲ့ ဘလတ္တာရဲ့ အခန်းကဏ္ဍဟာ အဆုံးသတ်သွားခဲ့တာပါ။

ပလာတီနီ ကလည်း သူ့ကို ဘောလုံးလောကကနေ ပိတ်ပင်မှုအပေါ် အယူခံဝင်ရာမှာ အရေးနိမ့်ပြီးနောက် ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ရာထူးကနေ နှုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၈၅ နှစ်အရွယ်ရှိ ဘလတ္တာနဲ့ အသက် ၆၆ နှစ်အရွယ်ရှိ ပလာတီနီတို့ကတော့ သူတို့ဟာ ဘယ်လို အမှားအယွင်းကိုမှ ပြုလုပ်ထားခြင်း မရှိဘူးလို့ ငြင်းဆိုထားတာလည်း ဖြစ်ပါတယ်။ ပလာတီနီရဲ့ ဆွစ်ဇာလန်ရှေ့နေကတော့ ဒါဟာ မမှန်တဲ့ စွပ်စွဲချက်တွေ ဖြစ်တယ်လို့ ပြတ်ပြတ်သားသား ငြင်းဆိုထားတာလည်း ဖြစ်ပါတယ်။