CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၃

အင်တာမီလန်အသင်းဟာ အီတလီစူပါဖလားဗိုလ်လုပွဲအဖြစ် နာပိုလီအသင်းနဲ့ ကစားခဲ့တာမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ၃ နှစ်ဆက်တိုက်ရရှိခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်အသင်းအတွက်တစ်လုံးထဲသောအနိုင်ဂိုးကို ပွဲချိန် ၉၁ မိနစ်မှာ အသင်းခေါင်းဆောင် လောတာရိုမာတီနက်ဇ်က သွင်းယူခဲ့တာပါ။ အင်တာမီလန်အသင်းဟာ အီတလီစူပါဖလားချန်ပီယံဆုကို ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်တွေကလည်း ရရှိခဲ့တာကြောင့် ၃ နှစ်ဆက်တိုက်ရရှိခဲ့တာဖြစ်ပြီး အသင်းရဲ့ သမိုင်းကြောင်း တစ်လျှောက်မှာတော့ ချန်ပီယံဆုကို ၈ ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အီတလီစူပါဖလားပြိုင်ပွဲမှာ အအောင်မြင်ဆုံးအသင်းကတော့ ဂျူဗင်တပ်စ်အသင်းဖြစ်ပြီး ချန်ပီယံဆုကို ၉ ကြိမ်ရယူထားနိုင်ခဲ့ကာ အင်တာမီလန်အသင်းက ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။

အင်တာမီလန်အသင်းနည်းပြ ဆီမြွန်နီအင်ဇာဂီဟာ အီတလီစူပါဖလားကို ၅ ကြိမ်ရရှိထားပြီး ဒီပြိုင်ပွဲမှာ အအောင်မြင်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဆီမြွန်နီအင်ဇာဂီဟာ အီတလီစူပါဖလားကို လာဇီယိုအသင်းမှာ ၂ ကြိမ်နဲ့ အင်တာမီလန်အသင်းမှာ ၃ ကြိမ်ရယူနိုင်ခဲ့တာပါ။ ဆီမြွန်နီအင်ဇာဂီဟာ အီတလီစူပါဖလားကို ၃ နှစ်ဆက်တိုက်ရယူနိုင်ခဲ့တဲ့ အင်တာမီလန်ကစားသမားတွေကို ဂုဏ်ပြုကြောင်း ပြောခဲ့ပါတယ်။

ဆီမြွန်နီအင်ဇာဂီက “နာပိုလီအသင်းရဲ့ ခံစစ်ကအလွန်ကောင်းမွန်ခဲ့ပြီး ခြင်္သေ့တွေလို တိုက်ပွဲဝင်ခဲ့ပါတယ်။ ဗိုလ်လုပွဲစဉ်ရဲ့ မိနစ် ၉၀ မှာ ရှုံးနိမ့်ရတာဟာ အမြဲတမ်းနာကျင်ဖို့ကောင်းပါတယ်။ ကျနော့်ရဲ့ ကစားသမားတွေကို ဂုဏ်ပြုချင်ပါတယ်။ သူတို့တွေဟာ ပင်ပန်းနေပေမယ့် ပွဲအပေါ် အာရုံစိုက်နိုင်ခဲ့ကြပါတယ်။ ကျနော်တို့ဟာ ပွဲချိန်အစောပိုင်းမှာကတည်းက ဂိုးသွင်းယူနိုင်ခဲ့သင့်ပေမယ့် စည်းစနစ်ကျတဲ့ ပြိုင်ဘက်အသင်းနဲ့ ရင်ဆိုင် ခဲ့ရပါတယ်” လို့ ပြောခဲ့တာပါ။

အင်တာမီလန်အသင်းဟာ ဒီရာသီမှာ အကောင်းဆုံးပုံစံပြသနေပြီး စီးရီးအေပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက ဂျူဗင်တပ်စ်အသင်းထက် ၁ ပွဲလျော့ကစားထားကာ ရမှတ် ၁ မှတ်အကွာနဲ့ ဒုတိယ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို တက်ရောက်ထားပါတယ်။ အင်တာမီလန်အသင်းဟာ ဒီတစ်ပတ်စီးရီးအေပွဲစဉ်အဖြစ် ဖီအိုင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:AP