CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၃

တရုတ်အသင်းဟာ အာရှဖလားပြိုင်ပွဲကနေ ထွက်ခွာရဖို့ နီးစပ်နေပေမယ့် နည်းပြ ဂျန်ကိုဗစ်ကတော့ သူ့ရဲ့ နည်းပြ ရာထူးကို ဆုံးရှုံးမှာ မစိုးရိမ်ဘူးလို့ ပြောပါတယ်။

ဂျန်ကိုဗစ်က “အလုပ်ထုတ်ခံရမယ့် အကြောင်းကို စဉ်းစားနေတဲ့သူက အရာအားလုံးကို ကြောက်တဲ့သူပါ။ ဒီလိုမျိုး လူဟာ အသင်းကို တွန်းအားပေးဖို့ ကြိုးစားပြီး အရာအားလုံးကိုပေးဖို့ အာရုံစိုက်နေတဲ့ နည်းပြ ဘယ်တော့မှဖြစ်မှာ မဟုတ်ပါဘူး။ ကျနော်ဟာ တရုတ်မှာ ၆ နှစ်နီးပါးကြာရှိခဲ့ပြီး တရုတ်ဘောလုံးလောကအတွက် မျိုးဆက်တစ်ခုနဲ့ နောက်လာမယ့် မျိုးဆက်အတွက် ပြင်ဆင်ထားပါတယ်။ ကျနော်ဟာ နောင်တမရရှိအောင် အကောင်းဆုံး ကြိုးစား နေပါတယ်”လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

တရုတ်အသင်းဟာ အာရှဖလားအုပ်စု နောက်ဆုံးပွဲစဉ်မှာ ကာတာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် အုပ်စုတွင်း ၃ ပွဲစလုံး ကစားအပြီးမှာ ရမှတ် ၂ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

တရုတ်အသင်းကိုတွေ့ရစဉ်

တရုတ်အသင်းဟာ ဒီ ၃ ပွဲစလုံးမှာ ၁ ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်းလည်း မရှိပါဘူး။ တရုတ်အသင်းဟာ အာရှဖလားပြိုင်ပွဲ မှာ အုပ်စုတွင်း တတိယအကောင်းဆုံး အသင်းအဖြစ် နောက်တစ်ဆင့်တက်နိုင်ဖို့ မျှော်လင့်ချက် ရှိနေပေမယ့် အခွင့်အရေးက နည်းပါးနေပါတယ်။

တရုတ်အသင်းဟာ အာရှဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရမယ်ဆိုရင်လည်း ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအကြောင်း စတင်စဉ်းစားရတော့မယ်လို့ ဂျန်ကိုဗစ်က ပြောခဲ့ပါတယ်။

ဂျန်ကိုဗစ်က “ကျနော်တို့ဟာ အာရှဖလား ၃ ပွဲ ကစားအပြီးမှာ ၁ ဂိုးမှ မသွင်းနိုင်ခဲ့ဘဲ ပေးဂိုး ၁ ဂိုး ခွင့်ပြုခဲ့ရပြီး တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။ အခုကျနော်တို့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအကြောင်း စတင်စဉ်းစားပြီး တရုတ်က ရှေ့ဆက်သွားနေမှာပါ။ တရုတ်က ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး”လို့ ပြောခဲ့ပါတယ်။

တရုတ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)ဒုတိယအဆင့် အုပ်စုပွဲစဉ် ၂ ပွဲကစားအပြီးမှာ ၁ ပွဲနိုင်၊ ၁ ပွဲရှုံးရလဒ် ထွက်ပေါ်ထားတာ ဖြစ်ပါတယ်။

Source: CNA