CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၉

ဘရန်ဖို့ဒ်အသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က ချယ်လ်ဆီးအသင်းရဲ့ ပစ်မှတ်ဖြစ်နေတဲ့ တိုက်စစ်မှူး အိုင်ဗန်တိုနေး ကို မှန်ကန်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမယ်ဆိုရင် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရောင်းချနိုင်တယ်လို့ ပြောခဲ့ ပါတယ်။

သောမတ်စ်ဖရန့်ခ်က “ကျနော်တို့ကတော့ မှန်ကန်တဲ့ဈေးနှုန်းရရင် ရောင်းချသွားမယ့် အသင်းပါ။ ကစားသမား တွေဟာ ထိပ်တန်းကလပ်ဆီ သွားဖို့အတွက် လုံလောက်တဲ့ သက်သေပြမှုတွေရှိခဲ့ရင် ဒါကို မှန်ကန်ဈေးနှုန်းပဲလို့ ကျနော်ထင်ပါတယ်။ ဒါက အိုင်ဗန်တိုနေးနဲ့လည်း သက်ဆိုင်မှုရှိပါတယ်။ ဘာကြောင့်လဲဆိုရင် သူနဲ့ ပတ်သက်တဲ့ ထင်ကြေးတွေ အမျိုးမျိုးရှိတယ်ဆိုတာကို ကျနော်နားလည်ပါတယ်။ သူက ကျနော့်အတွက် အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးပါ”လို့ Sky Sports ရဲ့Monday Night Football မှာ ပြောခဲ့တာပါ။

အိုင်ဗန်တိုနေးဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဂိုး ၂၀ သွင်းယူခဲ့ပေမယ့် လောင်းကစား နဲ့ ပတ်သက်တဲ့ စည်းမျဉ်းအများအပြားကို ချိုးဖောက်ခဲ့တာကြောင့် ၈ လကြာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။ 

အိုင်ဗန်တိုနေးကို တွေ့ရစဉ်

အသက် ၂၇ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ စက်တင်ဘာ ၁၈ ရက်က ဘရန်ဖို့ဒ်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်နေပြီ ဖြစ်ပေမယ့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်အထိ အသင်းနဲ့အတူ ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။

တိုက်စစ်ပိုင်း လိုအပ်ချက်တွေရှိနေတဲ့ ချယ်လ်ဆီးအသင်းဟာ အိုင်ဗန်တိုနေးကို ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ 

အဲ့ဒါကြောင့် ဘရန်ဖို့ဒ် အသင်းနည်းပြ သော်မတ်စ်ဖရန့်ခ်က ချယ်လ်ဆီးအသင်းအနေနဲ့ အိုင်ဗန်တိုနေးအတွက် သူတို့ဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေးမယ်ဆိုရင် အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၀ ခုနှစ်က ပီတာဘရော့အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အိုင်ဗန်တိုနေးဟာ ဘရန်ဖို့ဒ်အသင်းအတွက် ၁၂၄ ပွဲ ပါဝင်ကစားထားပြီး ၆၈ ဂိုး သွင်းယူထားပါတယ်။

Source: Metro