CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၈

ဝက်စ်ဟမ်းအသင်းဟာ အခုအပတ်ထဲမှာ အသင်းနဲ့လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ လင်ဂတ်ကို ကာလတို စာချုပ်ချုပ်ဆိုဖို့ စဉ်းစားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

လင်ဂတ်ဟာ နော်တင်ဟမ်ဖောရက်စ် အသင်းနဲ့ စာချုပ်ကုန်ဆုံးသွားခဲ့ပြီဖြစ်လို့ လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတာပါ။ 

ယူနိုက်တက် ကစားသမားဟောင်းဟာ မေဂျာလိဂ်ကလပ် အသင်းတွေနဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် ဝက်စ်ဟမ်း အသင်းက သူ့ကို ကာလတို စာချုပ်ချုပ်ဆိုဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ 

လင်ဂတ်ဟာ သူ့ရဲ့ကြံ့ခိုင်မှုကို နည်းပြဒေးဗစ်မိုယက်စ်ကို ပြသနိုင်ဖို ကြိုးပမ်းနေတယ်လို့ သတင်းတွေမှာ ဖော်ပြ ထားတာပါ။

ပြီးခဲ့တဲ့နှစ် နွေရာသီအပြောင်းအရွှေ့တုန်းက လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းကို ငြင်းပယ်ပြီး လုပ်ခလစာ အများကြီးရတဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လင်ဂတ်ဟာ နော်တင်ဟမ်ဖောရက်စ်အသင်းမှာ ပွဲပေါင်း ၂၀ သာ ပါဝင်ကစားခဲ့ရပြီး ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ရာသီအကုန်မှာတော့ အသင်းကနေ ထွက်ခွာခဲ့ရတာပါ။ 

 လင်ဂတ်ကို တွေ့ရစဉ်

ယူနိုက်တက် ကစားသမားဟောင်းဟာ သူ့ရဲ့ကစားသမားဘဝ လမ်းကြောင်းမှန်ပေါ် ရောက်ဖို့အတွက် ဝက်စ်ဟမ်းအသင်းမှာ ပြန်လည်ကစားချင်နေပါတယ်။

လင်ဂတ်ဟာ ၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ ဒုတိယရာသီဝက်မှာ ဝက်စ်ဟမ်းအသင်းထံ အငှားနဲ့ လာရောက် ကစားခဲ့ဖူးပြီး ၁၆ ပွဲကစားကာ ၉ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။ 

ဒီနောက် လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းမှာ ကစားခဲ့ချိန်က ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုနဲ့ အကောင်းဆုံး သွင်းဂိုးဆုကိုလည်း ရရှိခဲ့ပါတယ်။ 

အသက် ၃၀ နှစ်အရွယ်ရှိ လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် လေ့ကျင့်ရေးကွင်းမှာ အစွမ်းကုန် ကြိုးစားနေတယ်လို့ သိရပါတယ်။ 

ဝက်စ်ဟမ်းအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal