CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၉

အင်္ဂလန်အသင်း ခေါင်းဆောင် ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းက ဝါဒါဘရီမင်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါအဖွင့်ပွဲစဉ်မှာ အသင်းအတွက် ၁ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။

စပါးအသင်းကနေ ယူရိုသန်း ၁၀၀ ကျော်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဟာရီကိန်းဟာ ရာသီသစ်ဘွန်ဒစ်လီဂါ အဖွင့်ပွဲစဉ် မှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။ 

ဟာရီကိန်းဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၄ မိနစ်မှာ ဆာနေးသွင်းယူတဲ့ ဂိုးကို ဖန်တီးပေးခဲ့ပြီး ပွဲချိန် ၇၄ မိနစ်မှာတော့ ဘိုင်ယန်မြူးနစ် ကစားသမားဘဝ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဟာရီကိန်းဟာ ပွဲချိန် ၈၄ မိနစ်မှာ လူစားလဲခံခဲ့ရပေမယ့် ဒီပွဲဟာ သူ့အတွက် ပြီးပြည့်စုံတဲ့ စတင်မှုလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းသားများကိုတွေ့ရစဉ်

ဟာရီကိန်းက “ ဒီပွဲအတွက် ကျနော်တို့ စကားတွေ အများကြီးပြောခဲ့ကြပြီး ကစားကွက်တွေလည်း အများကြီး တည်ဆောက်ထားတဲ့အတွက် တကယ်ကို ကောင်းပါတယ်။ ကျနော်တို့ဟာ ပွဲအစပိုင်းမှာတင် သွင်းဂိုးနဲ့စတင်ခဲ့ပြီး ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပေမယ့် အခွင့်အရေးကောင်းတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ အဆုံးသတ်ပိုင်းတွေ အားနည်းခဲ့ပေ မယ့် ဒုတိယပိုင်းမှာတော့ ကျနော် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ခြုံပြီးပြောရရင်တော့ ပြီးပြည့်စုံတဲ့စတင်မှုပါ”လို့ Sky Sports ကို ပြောပါတယ်။

ဟာရီကိန်းဟာ လူစားလဲခံရချိန်မှာ ဒဏ်ရာရတဲ့ပုံစံလို ဖြစ်ခဲ့ပေမယ့် စိုးရိမ်စရာမရှိဘဲ ကြွက်တက်တာသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

အသက် ၃၀ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ လိုက်ပ်ဇစ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ဂျာမန်စူပါဖလားပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အတွက် လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ရပြီး ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ပေမယ့် ဝါဒါဘရီမင်နဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာတော့ ပွဲအစကတည်းက ပါဝင်ခဲ့ရပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ သြဂုတ် ၂၇ ရက်မှာ ဘွန်ဒစ်လီဂါ ဒုတိယမြောက် ပွဲစဉ်အဖြစ် အော့စ်ဘတ်အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Eurosport