CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၇
ဘာစီလိုနာအသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဒေကိုဟာ အသင်းထံ ပြန်လာပြီး အားကစားဒါရိုက်တာ အသစ်အဖြစ် ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ပေါ်တူဂီလက်ရွေးစင် ကစားသမားဟောင်းကို အားကစားဒါရိုက်တာ အသစ်အဖြစ် ၃ နှစ် စာချုပ်ချုပ်ဆိုကာ ခန့်အပ်ခဲ့တာပါ။
အသက် ၄၅ နှစ်အရွယ်ရှိ ဒေကိုဟာ ၂၀၀၄ ခုနှစ်က ပေါ်တိုအသင်းကနေ ဘာစီလိုနာအသင်းထံ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ၄ ရာသီကြာ ကစားခဲ့ကာ လာလီဂါဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းရဲ့ လက်ရှိ အားကစားဒါရိုက်တာ အလီမန်နီဟာ အပြောင်းအရွှေ့ ဈေးကွက်ပိတ်မယ့် စက်တင်ဘာ ၁ ရက်မှာ အသင်းကနေ ထွက်ခွာမှာပါ။
အားကစားဒါရိုက်တာအသစ် ဒေကိုဟာ နည်းပြ ဇာဗီ၊ နည်းပြအဖွဲ့ဝင်တွေနဲ့အတူ နီးကပ်စွာ အလုပ်လုပ်မယ်လို့ ဘာစီလိုနာအသင်းက ပြောထားပါတယ်။
ဘာစီလိုနာမှာ ဒေကို ကစားခဲ့စဉ်
စပိန်ကလပ်ဟာ သူတို့ရဲ့ အနောက်ကွယ်မှာရှိတဲ့ အရာတွေကို ပြန်လည်ဖွဲ့စည်းဖို့ စီစဉ်နေပြီး အသေးစိတ် အချက် အလက်တွေကို လာမယ့် ရက်သတ္တပတ်အတွင်းမှာ ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။
အားကစားဒါရိုက်တာဟောင်း ဂျော်ဒီခရိုက်ဖ်ကလည်း ပြီးခဲ့တဲ့မေလက အသင်းကနေ ထွက်ခွာသွားခဲ့တာပါ။
ဒေကိုဟာ ဘာစီလိုနာအသင်းမှာ ကစားပြီးနောက် ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ကာ ၂ ရာသီကြာ ကစားခဲ့ ပါတယ်။
ပေါ်တူဂီကစားသမားဟာ ကစားသမားဘဝကို ဘရာဇီးလ်ကလပ် ဖလူမီနက်စ်အသင်းမှာ အဆုံးသတ်ခဲ့ပြီး အခုအချိန်မှာတော့ အားကစားဒါရိုက်တာအဖြစ်နဲ့ ဘောလုံးလောကထဲကို ပြန်လည် ဝင်ရောက်လာခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက လာလီဂါချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ရာသီသစ်ရဲ့ အဖွင့်ပွဲစဉ်မှာ ဂီတာဖေး အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တာဖြစ်ပြီး ဒုတိယမြောက်ပွဲစဉ်အဖြစ် ကာဒဇ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC