CNI News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၈

လိဂ်ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီး အင်တာမိုင်ယာမီအတွက် ပထမဆုံးဆုဖလား ယူဆောင်လာနိုင်ခဲ့မယ်ဆိုရင် ဒါဟာ မယုံနိုင်စရာနဲ့ လှပတဲ့အရာ ဖြစ်လိမ့်မယ်လို့ မက်ဆီက ပြောလိုက်ပါတယ်။
မက်ဆီက “လိဂ်ဖလားကို ရယူနိုင်ခဲ့ရင် ကျနော့်အတွက်ရော၊ ပရိသတ်တွေအတွက်ရော၊ ကလပ်အတွက် ဒါဟာ မယုံနိုင်စရာဖြစ်မှာပါ။ ကလပ်အသင်းဟာ ပိုပြီးကြီးထွားလာအောင် ကြိုးစားနေပြီး ဒီအတွက်လည်း သူတို့ဟာ အများကြီး ရင်းနှီးမြှုပ်နှံထားပါတယ်။ ဆုဖလားရယူနိုင်မယ့် အသင်းအဖြစ် တည်ဆောက်နိုင်အောင် ကြီးမားတဲ့ ပြုပြင်မှုတွေ ပြုလုပ်နေပြီး အထင်ကြီးစရာ ကောင်းလာပါလိမ့်မယ်။ ဒီကလပ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကမှ တည်ထောင်ခဲ့တဲ့အတွက် အလွန်ငယ်တဲ့ ကလပ်အသင်းပါ။ ပထမဆုံးဆုဖလားကို ရယူတာက လူတိုင်းအတွက် လှပပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲ အရှေ့ပိုင်းဇုန်ရဲ့ အမှတ်ပေးဇယား အောက်ဆုံးနေရာမှာ ရပ်တည် နေပြီး မက်ဆီ မရောက်လာခင်အချိန်ထိ နိုင်ပွဲတွေနဲ့ ဝေးနေခဲ့တာ ဖြစ်ပါတယ်။

 မက်ဆီကို တွေ့ရစဉ်


ဒါပေမယ့် အာဂျင်တီးနား အသင်းခေါင်းဆောင် ရောက်လာပြီးအချိန်မှာ မေဂျာလိဂ်ကလပ်ဟာ လိဂ်ဖလားပြိုင် ပွဲမှာ ၆ ပွဲဆက်တိုက် အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့တာပါ။ 

မက်ဆီကလည်း ဒီပွဲတွေမှာ အင်တာမိုင်ယာမီ အသင်းအတွက် ၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ လိဂ်ဖလား ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့အတွက် ကွန်ကာကပ်ဖ် ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရခဲ့သလို ချန်ပီယံဖြစ်ခဲ့ရင် လာမယ့်နှစ် လိဂ်ဖလားပြိုင်ပွဲမှာ ၁၆ သင်း အဆင့်ကနေ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမှာပါ။

မက်ဆီက “ကျနော်ဟာ အောင်မြင်မှုတွေ ရယူလိုတဲ့ ဆန္ဒနဲ့ဒီကို ရောက်ရှိလာခဲ့တာပါ။ အခုယှဉ်ပြိုင်ရမယ့် ဗိုလ်လု ပွဲအတွက်လည်း အကောင်းဆုံး ပြင်ဆင်ထားတယ်လို့ ခံစားရပါတယ်။ ကျနော်တို့ဟာ ဒီပွဲယှဉ်ပြိုင်နိုင်ဖို့နဲ့ ဆုဖလား ဆွတ်ခူးနိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီ”လို့ ပြောခဲ့ပါတယ်။

အင်တာမိုင်ယာမီနဲ့ နက်ရှ်ဗေးလ်တို့ရဲ့ လိဂ်ဖလားဗိုလ်လုပွဲကို သြဂုတ် ၁၉ ရက် နက်ရှ်ဗေးလ်အိမ်ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

Source: CNA