CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၇

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းချန်ပီယံဆုကို ရယူနိုင်ခဲ့မယ်ဆိုရင် နိုင်ငံအတွင်းမှာ ဘဏ်အားလပ်ရက်ထပ်ပြီးပေးဖို့ အစီအစဉ်မရှိဘူးလို့ ဗြိတိန်အစိုးရက အတည်ပြုခဲ့ပါတယ်။

ဘီဘီစီကထုတ်ပြန်တဲ့ကြေညာချက်မှာ အစိုးရက”အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်နိုင်ခဲ့တဲ့ အင်္ဂလန် အသင်းကို ဂုဏ်ပြုပါတယ်။ လက်ရှိမှာ ဘဏ်ပိတ်ရက်ပုံစံဟာ ကောင်းမွန်စွာတည်ရှိနေပြီး ဒါကို ပြောင်းလဲသွားဖို့ အစီအစဉ်မရှိပါဘူး။ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်တာက နိုင်ငံအတွက် ကြီးမားတဲ့ အခိုက် အတန့်ဖြစ်ပြီး အမှား အယွင်းမရှိတဲ့ အောင်ပွဲခံတဲ့နည်းလမ်းမှန်တွေကို ရှာဖွေသွားမှာပါ” လို့ ဖော်ပြထားတာပါ။

အင်္ဂလန်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပူးတွဲအိမ်ရှင် သြစတြေးလျအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး အမျိုး သမီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့် ဗိုလ်လုပွဲမှာ အင်္ဂလန် အသင်းအနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့မယ်ဆိုရင် အောင်ပွဲခံဂုဏ်ပြုနိုင်အောင် ဘဏ်အားလပ်ရက် ထပ်မံပေးဖို့ မျှော်လင့်ခဲ့ကြပေမယ့် အစိုးရက ပေးဖို့အစီအစဉ်မရှိဘူးလို့ ပြောခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ အမျိုးသမီးယူရိုပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ရယူထားနိုင်ခဲ့တဲ့အတွက် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ထပ်မံရယူနိုင်ခဲ့ရင် အဓိကဖလားတွေကို ဆက်တိုက်ရယူနိုင်မှာ ဖြစ်ပါတယ်။ အခြားဆီမီးဖိုင်နယ် ပွဲစဉ်တစ်ပွဲမှာ စပိန်အသင်းက ဆွီဒင်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်နိုင်ခဲ့တာပါ။

အဲဒါကြောင့် ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်နိုင်ခဲ့တဲ့ အင်္ဂလန်နဲ့ စပိန်အသင်းတို့ဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပထမဆုံးအကြိမ်ရယူနိုင်ဖို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲကို သြဂုတ် ၂၀ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး တတိယနေရာလုပွဲကိုတော့ သြဂုတ် ၁၉ ရက်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

Source:Goal