CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၅

အင်္ဂလန်ကွင်းလယ် ကစားသမား ဒီကလန်ရိုက်စ်က ဝက်စ်ဟမ်းအသင်းကနေ ထွက်ခွာဖို့က ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် အမြင့်ဆုံးအဆင့်မှာ ကစားချင်တဲ့ ရည်မှန်းချက်ရှိခဲ့တယ်လို့ ပြောပါတယ်။

ဒီကလန်ရိုက်စ်က “ခင်ဗျားတို့က ကျနော့်ကို ပထမဆုံးနေ့ကတည်းက ခင်ဗျားတို့ရဲ့ နှလုံးသားထဲ ထည့်သွင်းထား ခဲ့တာပါ။ ကျနော်ကလည်း ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံစားခဲ့ရပြီး နှစ်တွေကြာလာတာနဲ့အမျှ ဒါကလည်း ပိုပြီးအားကောင်းလာခဲ့ပါတယ်။ ခင်ဗျားတို့ရှေ့မှာ ကစားရတာက ဂုဏ်ယူစရာဖြစ်ခဲ့ပြီး အတူတူရှိခဲ့တဲ့ အချိန်တွေ က ကျနော့်အတွက် အလွန်အဓိပ္ပါယ် ရှိခဲ့ပါတယ်။ ကျနော် အရမ်းချစ်ခဲ့ရတဲ့ ဒီအသင်းကို ထားပြီးထွက်သွားဖို့ ဆုံးဖြတ်ချက်ချရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ ခင်ဗျားတို့ကို သိစေချင်ပါတယ်။ ကျနော်ရဲ့ ရည်မှန်းချက်က အမြင့်ဆုံး အဆင့်မှာ ကစားဖို့ပါပဲ”လို့ ပြောပါတယ်။

ဒီကလန်ရိုက်စ်ဟာ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ မတိုင်ခင်မှာ ဝက်စ်ဟမ်း ပရိသတ်တွေကို အိတ်ဖွင့်စာပေးပို့ခဲ့တာ ဖြစ်ပါတယ်။ 

ဒီကလန်ရိုက်စ်ဟာ ချယ်လ်ဆီး အကယ်ဒမီကနေ ထွက်ခွာလာပြီး အသက် ၁၄ နှစ်အရွယ်မှာ ဝက်စ်ဟမ်းအသင်း ကို ရောက်ရှိလာခဲ့တာပါ။ ဒီကလန်ရိုက်စ်ဟာ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ဝက်စ်ဟမ်းအသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ဒီကလန်ရိုက်စ်နဲ့ အာတီတာကိုတွေ့ရစဉ်

အင်္ဂလန်ကွင်းလယ် ကစားသမားဟာ မာခ့်နိုဘယ်လ် အနားယူသွားတဲ့ ၂၀၂၂ ခုနှစ်မှာ ဝက်စ်ဟမ်းအသင်းရဲ့ အသင်း ခေါင်းဆောင်ရာထူးကို ရယူခဲ့ပြီး မနှစ်ကရာသီက ယူရိုပါကွန်းဖရန့်စ်လိဂ် ချန်ပီယံဆု ရယူနိုင်အောင် ဦးဆောင်နိုင်ခဲ့တာပါ။ 

ဒါပေမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းက ခေါ်ယူဖို့ ကြိုးစားလာပြီး ဒီကလန်ရိုက်စ် ကိုယ်တိုင်ကလည်း မြောက်လန်ဒန်အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် ဝက်စ်ဟမ်းအသင်းကို တတိယအကြိမ်မြောက် ကမ်းလှမ်းမှု ပြုလုပ်အပြီးမှာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရယူနိုင်ခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ ဒီကလန်ရိုက်စ်ကို ပေါင်သန်း ၁၀၀၊ ထပ်တိုးပေးချေမှုပေါင် ၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီး အသင်းမှာ ကာလကြာရှည်ရှိမယ့် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အခုအပြောင်းအရွှေ့မှာ ဒီကလန်ရိုက်စ် မတိုင်ခင် ဟာဗတ်ဇ်နဲ့ တင်ဘာတို့ကို ခေါ်ယူထား ပြီး ရာသီသစ်မှာ ဆုဖလား စိန်ခေါ်နိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ 

Source: BBC