CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၅

မန်စီးတီးအသင်း နောက်ခံလူဟောင်း မန်ဒီဟာ အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ပြီး နောက်တစ်ဦးကို မုဒိမ်းမှု ကျူးလွန်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုတာမှာ အပြစ်မရှိကြောင်းတွေ့ခဲ့ရတဲ့အတွက် စွဲချက်တွေကနေ လွတ်မြောက် သွားပြီဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိ မန်ဒီဟာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာက ချက်ရှိုင်းယားရှိ သူ့ရဲ့ ပေါင် ၄ သန်းတန် အိမ်ကြီးမှာ အသက် ၂၄ နှစ်အရွယ်ရှိ အမျိုးသမီးကို တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ မန်ဒီဟာ ဒီ အိမ်ကြီး ထဲမှာ သူမကို မုဒိမ်းကျင့်ခဲ့ကြောင်းနဲ့ အသက် ၂၉ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို မုဒိမ်းမှုကျူးလွန်ဖို့ ကြိုပမ်း ခဲ့တယ်လို့ စွပ်စွဲခဲ့တာဖြစ်ပါတယ်။ 

ပြင်သစ်နောက်ခံလူ မန်ဒီဟာ ဇန်နဝါရီလ အစောပိုင်းရုံးချိန်းမှာ မုဒိမ်းမှု(၆)မှု စွဲချက်တွေကနေ လွတ်မြောက် သွားပြီးနောက် နောက်ထပ်စွဲချက်တွေ ထပ်ပြီးရောက်ရှိလာခဲ့တာပါ။ Chester Crown တရားရုံးမှာ ၃ ပတ်ကြာ ရုံးတင်စစ်ဆေးပြီးနောက် မန်ဒီမှာ အပြစ်မရှိကြောင်း စီရင်ချက်ကို ဂျူရီလူကြီးတွေက ဖတ်ပြခဲ့တဲ့အချိန်မှာ မန်စီးတီးနောက်ခံလူဟောင်းဟာ မျက်ရည်ကျနေခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

 

မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီဖြစ်တဲ့ မန်ဒီဟာ အစောပိုင်းရုံးချိန်းတွေမှာ မုဒိမ်းမှု(၆)မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု (၁)မှုတို့ရဲ့ စွဲချက်တွေကနေလည်း လွတ်မြောက်ခဲ့ပေမယ့် မုဒိမ်းမှုနဲ့ မုဒိမ်းမှုကျူးလွန်ဖို့ ကြိုးပမ်းခဲ့တဲ့ (၂)မှုအတွက် စီရင်ချက်ချဖို့ ပျက်ကွက်ခဲ့တာကြောင့် ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ခြင်းခံခဲ့ရတာပါ။ အခု အချိန်မှာတော့ သူ့ကို စွဲချက်တင်ထားခဲ့တဲ့ အမှုတွေအားလုံးကနေ လွတ်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိ ကစားသမားဟာ တရားရုံးအပြင်ဘက်မှာ သူ့ကို မှတ်ချက်ပေးဖို့တောင်းဆိုခဲ့တာကို ငြင်းပယ်ခဲ့ပေမယ့် ဘုရားသခင်ကို ချီးမွမ်းကြပါလို့ ပြောပြီး ထွက်သွားခဲ့ပါတယ်။ ကစားသမားရဲ့ ရှေ့နေတွေ ကတော့ မန်ဒီဟာ သူ့ဘဝကို ပြန်လည်တည်ဆောက်ကာ ထိပ်တန်းဘောလုံးလောကကို ပြန်လာနိုင်ဖို့ ရည်မှန်း ထားတယ်လို့ ပြောခဲ့ပါတယ်။ 

မန်ဒီဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ ကာရာဘောင်းဖလား ၂ ကြိမ်တို့ကို ရယူနိုင်ခဲ့ပြီး ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ 

Source:BBC