CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅

ဖောရက်စ်ဂရင်းအသင်းဟာ ဟန်နာဒင်ဂလေကို ယာယီနည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီး သူမဟာ အင်္ဂလန် ဘောလုံးလောကမှာ ပရော်ဖက်ရှင်နယ် အမျိုးသားအသင်းကို ကိုင်တွယ်တဲ့ ပထမဆုံး အမျိုးသမီး နည်းပြ ဖြစ်လာခဲ့ပါတယ်။

လိဂ်တူးကလပ် ဖောရက်စ်ဂရင်းအသင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်က အသင်းကို ကိုင်တွယ်တာ ၆ လသာ ရှိသေးတဲ့ နည်းပြဖြစ်သူ ဒွန်ကန်ဖာဂူဆန်ကို ရာထူးကနေ ထုတ်ပယ်လိုက်တာပါ။ 

အဲဒါကြောင့် ဖောရက်စ်ဂရင်းအသင်းဟာ အသင်းရဲ့ အကယ်ဒမီ အကြီးအကဲ ဟန်နာဒင်ဂလေကို ယာယီနည်းပြ အဖြစ် တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။ သူမဟာ မက်ခ်ရှမ်တောင်းအသင်းနဲ့ ခြေစမ်းပွဲမှာ ဖောရက်စ်ဂရင်းကို စတင် ကိုင်တွယ်မှာပါ။

ဖောရက်စ်ဂရင်းအသင်းကို တွေ့ရစဉ်

ဟန်နာဒင်ဂလေက “ ကျမရဲ့ နည်းပြဘဝ နောက်ထပ်ခြေလှမ်းအတွက် အလွန်စိတ်လှုပ်ရှားမိပါတယ်။ ရာသီကြို စတင်နေပြီဖြစ်ပြီး ရာသီသစ်က မကြာခင်မှာ စတင်တော့မှာပါ။ ဒါကဘောလုံးလောရဲ့ စိတ်လှုပ်ရှားစရာ အချိန်ပါ ပဲ။ 

တိုးတက်ပြီး ရှေ့ကိုသွားဖို့ တွေးခေါ်တက်တဲ့အသင်းကို ဦးဆောင်ခွင့်ရတဲ့အတွက် ကျမ ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဟန်နာဒင်ဂလေဟာ ကလပ်အသင်း အကယ်ဒမီကို ကိုင်တွယ်ဖို့ ၂၀၁၉ ခုနှစ်မှာ ဖောရက်စ်ဂရင်း အသင်းထံ ရောက်ရှိလာတာဖြစ်ပြီး အမျိုးသား အင်္ဂလန်ဘောလုံးလိဂ် အကယ်ဒမီကို ကိုင်တွယ်တဲ့ တစ်ဦးထဲသော အမျိုးသမီးအဖြစ်လည်း မှတ်တမ်း တင်နိုင်ခဲ့တာပါ။

သူမဟာ ယူအီးအက်ဖ်အေရဲ့ နည်းပြ ပရိုလိုင်စင်ကို ရရှိထားပြီး အရင်က ဘာတန်အယ်လ်ဘီယွန်အသင်းမှာ အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဖောရက်စ်ဂရင်းအသင်းဥက္ကဋ္ဌက “ဟန်နာကို အသင်းရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ သဘာဝကျကျ ရွေးချယ်မှု ဖြစ်ပြီး သူမဟာ ကျနော်တို့ရဲ့ အကယ်ဒမီကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့သလို ကလပ်ရဲ့ တန်ဖိုးတွေနဲ့လည်း ကောင်းမွန်စွာ လိုက်လျောညီထွေမှု ရှိပါတယ်။ သူမအနေနဲ့ အသင်းကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်မယ်ဆိုတာ ယုံကြည်တယ်”လို့ ပြောခဲ့ပါတယ်။ 

Source: BBC