CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆

လီဗာပူးလ်အသင်းရဲ့ ကစားသမားသစ် မက်အယ်လစ္စတာက စတီဗင်ဂျရတ်ကို လေးစားတာကြောင့် အထင်ကရ ကျောနံပါတ် ၈ ဂျာစီကို ဝတ်ဆင်ဖို့ ငြင်းပယ်ခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

မက်အယ်လစ္စတာက “လီဗာပူးလ်မှာ ဘယ်နံပါတ် ဝတ်ဆင်ရမလဲဆိုတာကို အဖေနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ၁၀ နဲ့ ၈ အပြင် နံပါတ်တွေ အများကြီး ရွေးချယ်စရာရှိတာကို ကျနော်သိပါတယ်။ စတီဗင်ဂျရတ်ကြောင့် နံပါတ် ၈ ဟာ ကလပ်အသင်းမှာ အလွန်အရေးပါတဲ့ နံပါတ် ဖြစ်တယ်ဆိုတာကို သိတဲ့အတွက် ဒီနံပါတ်ကို ရွေးဖို့ အနည်းငယ် တွန့်ဆုတ်မိခဲ့ပါတယ်။ နောက်ဆုံးမှာ နံပါတ် ၁၀ ကို ကျနော် ရွေးချယ်ခဲ့ပေမယ့် နံပါတ် ၈ ကတော့ ကျနော် အလွန် နှစ်သက်တဲ့ နံပါတ်ဖြစ်ပြီး ကလပ်အသင်းမှာ သမိုင်းဝင်ပါတယ်”လို့ The Mirror ကို ပြောပါတယ်။

အာဂျင်တီးနား ကစားသမားဟာ လက်ရွေးစင် အသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့ပြီး ဘရိုက်တန် အသင်းနဲ့လည်း ပြီးခဲ့တဲ့ရာသီက ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ကာ အသင်းကို သမိုင်းတစ်လျှောက် ပထမဆုံး ဥရောပ ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ 

အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ မက်အယ်လစ္စတာကို ခေါ်ယူပြီး အခြားအသင်းတွေထက် လက်ဦးမှု ရယူနိုင် အောင် လုပ်ဆောင်ခဲ့ပါတယ်။

မက်အယ်လစ္စတာကို တွေ့ရစဉ်

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ၂၀၁၆ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီး စိတ်ပျက်စရာ ရာသီနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် အာဂျင်တီးနား ကစားသမားဟာ သူတို့ကို ဆုဖလား အောင်မြင်မှု တွေ ရယူပေးနိုင်အောင် ကူညီပေးဖို့ နည်းပြ ကလော့ပ်က မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

မက်အယ်လစ္စတာဟာ လီဗာပူးလ်အသင်း ကစားသမားအဖြစ် မိတ်ဆက်ချိန် ဘရိုက်တန်မှာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကိုသာ ဝတ်ဆင်ခဲ့တာပါ။

လီဗာပူးလ်အသင်းရဲ့ ကျောနံပါတ် ၁၀ ကို ဂျွန်ဘားနတ်စ်၊ မိုက်ကယ်အိုဝင်နဲ့ နောက်ဆုံး ဝတ်ဆင်ခဲ့တာက မာနေး ဖြစ်ပြီး သူတို့တွေကလည်း အန်ဖီးလ်ကလပ်နဲ့အတူ အောင်မြင်မှု အများအပြားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

စတီဗင်ဂျရတ်ဟာ လီဗာပူးလ်အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ၂၀၀၄ ကနေ ၂၀၁၅ အထိ နံပါတ် ၈ ဂျာစီကို ဝတ်ဆင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ၂၀၁၈ မှာ ကီတာက ကျောနံပါတ် ၈ ဂျာစီကို ဝတ် ဆင်ခဲ့ပေမယ့် ခြေစွမ်းပြသ နိုင်ခဲ့ခြင်း မရှိပါဘူး။

လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းဟာ အသင်းက ထွက်ခွာခဲ့တဲ့ တိုက်စစ်မှူး ဖာမီနိုရဲ့ ကျောနံပါတ် ၉ ဂျာစီကို ပြီးခဲ့တဲ့ရာသီက ကျောနံပါတ် ၂၇ ဂျာစီ ဝတ်ဆင်ခဲ့တဲ့ ဒါဝင်နူနက်ဇ်ကို ပေးဖို့ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြ ထား ပါတယ်။

Source: Metro