CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၂၆

စပါးအသင်းက နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ချဉ်းကပ်နေပေမယ့် အာနီစလော့က သူဟာ ဖီယင်နုအသင်းမှာပဲ နည်းပြအဖြစ် ဆက်ရှိမယ်လို့ အတည်ပြု လိုက်ပါတယ်။

အာနီစလော့က “ကျနော့်ကို တခြားကလပ်အသင်းတွေက စိတ်ဝင်စားနေတာ အများကြီး ကြားခဲ့ရပါတယ်။ ဒီလို စိတ်ဝင်စားမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျနော့်ရဲ့ ဆန္ဒကတော့ ဖီယင်နုနဲ့အတူ ဆက်ရှိချင်ပြီး ပြီးခဲ့တဲ့ ၂ ရာသီက ချမှတ်ထားတဲ့ အခြေခံ အုတ်မြစ်တွေပေါ်မှာ အသင်းကို ဆက်လက် တည်ဆောက်သွားချင်ပါတယ်။ စပါး အသင်းထံ ပြောင်းမယ့် အကြောင်းကို ဆွေးနွေးမှု မရှိခဲ့သလို ဆွေးနွေးခဲ့တဲ့ အရာကတော့ စာချုပ်သက်တမ်းတိုးဖို့ အကြောင်းသာ သီးသန့်ဖြစ်ပါတယ်။ ဖီယင်နုနဲ့ ဆွေးနွေးမှုအားလုံးက ဒါကို ရည်ရွယ်ပါတယ်။ ဖီယင်နုနဲ့အတူ ရာသီ သစ်ကို စောင့်မျှော်နေပါတယ်”လို့ Algemeen Dagblad ကို ပြောခဲ့တာပါ။

စပါးအသင်းဟာ နည်းပြ ကွန်တီကို ထုတ်ပယ်ပြီးကတည်းက နည်းပြသစ် ရှာဖွေနေတာဖြစ်ပြီး ရာသီအကုန်ထိ ရိုင်ယန်မေဆင်က ယာယီနည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

လန်ဒန်ကလပ်ဟာ နာဂျယ်လ် စမန်း၊ လူးဝစ်အင်းနရစ်တို့နဲ့လည်း ချိတ်ဆက်မှုတွေရှိခဲ့ပြီး ဖီယင်နုကို ဒတ်ချ် အမှတ်ပေး ဖလားရအောင် ယူပေးနိုင်ခဲ့တဲ့ အာနီစလော့ဟာ နည်းပြသစ် ဖြစ်လာဖို့ ပိုပြီးရေပန်းစား လာခဲ့တာပါ။

မကြာသေးခင်က အာနီစလော့ဟာ စပါးအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီလို့ သတင်းတွေမှာ ဖော်ပြ ထားပါတယ်။

အာနီစလော့ကို တွေ့ရစဉ်

ဒါပေမယ့် အာနီစလော့ဟာ ဖီယင်နုမှာပဲ ဆက်ရှိမယ်လို့ အတည်ပြုခဲ့ပြီး စပါးရဲ့ မျှော်လင့်ချက်တွေကို ပျက်ပြယ် စေခဲ့တာပါ။ ဒတ်ချ်ကလပ်ကတော့ အာနီစလော့ကို တစ်ရာသီ ပေါင် ၂.၅ သန်း ဝန်းကျင် တန်ကြေးနဲ့ စာချုပ်သစ် ကမ်းလှမ်းဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဖီယင်နုဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရမှာဖြစ်တဲ့အတွက် ဒီအချက်ကလည်း အာနီစလော့ အသင်းမှာ ဆက်ရှိတဲ့ ဆုံးဖြတ်ချက် ဖြစ်နိုင်ပါတယ်။

စပါးအသင်းဟာ လက်ရှိအချိန်မှာ ရာသီနောက်ဆုံး ပွဲစဉ်ကို အနိုင်ကစားပြီး လာမယ့်ရာသီ ယူရိုပါကွန်းဖရန့်စ်လိဂ် ပြိုင်ပွဲယှဉ်ပြိုင်နိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

လန်ဒန်ကလပ်ဟာ ရာသီကုန်ချိန်မှာတော့ နည်းပြသစ် ရှာဖွေမယ့် လုပ်ငန်းစဉ်ကို အမြန်ဆုံး လုပ်ဆောင်မှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Source: Metro