CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၂၆

ချယ်လ်ဆီးအသင်းကို အနိုင်ရပြီး လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားပြီးနောက် ချန်ပီယံလိဂ်က ယူနိုက်တက် ရှိရမယ့် နေရာလို့ နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ချန်ပီယံလိဂ်က ယူနိုက်တက်အသင်း ရှိရမယ့်နေရာပါ။ ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်ပြီး အဆုံးသတ်ဖို့က ကျနော်တို့ရဲ့ အဓိကရည်မှန်းချက်ပါ။ ဒီပြိုင်ပွဲက တကယ်ကို ခက်ခဲပါတယ်၊ ကောင်းမွန်တဲ့ အသင်းတွေ အများကြီးရှိသလို၊ နည်းပြကောင်းတွေနဲ့ ဘတ်ဂျက် မြင့်မားတဲ့ အသင်းတွေ အများကြီးရှိပါတယ်။ ဒီအခိုက်အတန့်က အမြင့်ဆုံး ဖြစ်ပေမယ့် ကျနော်တို့ ဒီထက်ပိုလိုချင်ပါတယ်။ စံနှုန်းတွေလည်း မြင့်တက်နေရ ပါမယ်။ မန်စီးတီးက ဘောလုံးကစားတာမှာ ထူးချွန်နေပေမယ့် ကျနော်တို့ သွားစရာလမ်းရှိပါတယ်”လို့ ပြောပါတယ်။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ကစားခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်အတွက် ဂိုးတွေကို ကတ်စမဲရိုး၊ မာရှယ်၊ ဘရူနိုဖာနန်ဒက်စ်နဲ့ ရက်ရှ်ဖို့ဒ်တို့က သွင်းယူခဲ့ပြီး ချယ်လ်ဆီးအတွက် ချေပဂိုးကို ဂျာအိုဖီးလစ်က သွင်းယူခဲ့တာပါ။

အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်

ချယ်လ်ဆီးအသင်းကတော့ ယာယီနည်းပြ လမ်းပတ် လက်ထက်မှာလည်း ရလဒ်တွေ ဆက်တိုက် ဆိုးနေခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်ကာ အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံး မှတ်တမ်းတွေကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
လမ်းပတ်ကတော့ ယူနိုက်တက်အသင်းမှာ အဲရစ်တန်ဟတ် လုပ်ဆောင်ခဲ့တဲ့ အရာတွေကို ချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။

လမ်းပတ်က “တန်ဟတ် ပထမဆုံး ရောက်လာတဲ့အချိန်မှာ လူတွေက စည်းကမ်းတွေ၊ ဒဏ်ကြေးတွေ အကြောင်း နဲ့ ပြီးတော့ ရော်နယ်ဒိုရဲ့ အခြေအနေတွေ၊ စံသတ်မှတ်ချက်တွေအကြောင်း ပြောခဲ့တာကို မှတ်မိပါတယ်။ အဲဒီ အရာတွေက ကလပ်အသင်းမှာ အပေါင်းလက္ခဏာဆောင်တဲ့ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

အခုနှစ်ရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းက ဖူလ်ဟမ်၊ ချယ်လ်ဆီးအသင်းက နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC