CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၅

မန်စီးတီးအသင်းပိုင်ရှင်တွေဟာ သူတို့ရဲ့ ၁၃ ခုမြောက် ကလပ်အဖြစ် ဘရာဇီးလ်ကလပ် ဘာဟီရာအသင်းကို ဝယ်ယူလိုက်ပါတယ်။

ဘရာဇီးလ် ထိပ်တန်းလိဂ်မှာ ယှဉ်ပြိုင်နေတဲ့ ဘာဟီရာအသင်းဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ၂ ကြိမ် ရယူထားပြီး နောက်ဆုံး ရယူခဲ့တာကတော့ ၁၉၈၈ က ဖြစ်ပါတယ်။

မန်စီးတီးဘောလုံးအုပ်စု (CFG) က ဘာဟီရာအသင်းရဲ့ အလားအလာကို အပြည့်အဝ ရောက်ရှိအောင် ကူညီဖို့ အတွက် မိတ်ဖက်တွေအနေနဲ့ ခရီးစဉ်ကို အခုစတင်နေပြီလို့ ပြောခဲ့ပါတယ်။

CFG အကြီးအကဲ ဆိုရီယာနိုက “ဘရာဇီးလ်မှာ ဘောလုံးက နံပါတ်တစ် အားကစားဖြစ်ပေမယ့် စီးပွားရေး အမြင် မှာတော့ သူတို့ဟာ တိုးတက်သင့်သလောက် တိုးတက်မှုမရှိပါဘူး။ အလားအလာကတော့ အံ့မခန်းပါပဲ။ သူတို့ဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးအရည်အချင်းတွေရဲ့ အရင်းအမြစ်ပါ။ဒီအခွင့်အရေးကို အဆုံးရှုံးမခံဘဲ ကူညီပေးချင် ပါတယ်။ ကျနော်တို့ရဲ့ ခရီးစဉ်က အခုစတင်နေပါပြီ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဘောလုံးအုပ်စုဟာ ဆယ်လ်ဗေးဒေါ အခြေစိုက် အသင်းရဲ့ ရှယ်ယာ ၉၀ ရာခိုင်နှုန်းကို ဝယ်ယူထားတာပါ။

မန်စီးတီးပိုင်ရှင်များကိုတွေ့ရစဉ်

ဘာဟီရာအသင်းဟာ ၂၀၀၁ ကတည်းက ဘရာဇီးလ် ဘောလုံးထိပ်တန်းလိဂ်မှာ အဆင့် ၈ ထက် ပိုပြီး မရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဆိုရီယာနိုက ဒါက ရေရှည်စီမံကိန်းဖြစ်ပြီး ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီး အသင်းအနေနဲ့ ဒီလိုနေရာ ရောက်ဖို့အတွက် ၁၄ နှစ်လောက် အချိန်ယူခဲ့ရတယ်လို့ ပြောခဲ့တာပါ။

မန်စီးတီး ဘောလုံးအုပ်စုဟာ ဘရာဇီးလ်ကလပ် ဘာဟီရာအသင်း မတိုင်ခင် မန်စီးတီး၊ နယူးယော့ခ်စီးတီး၊ မဲလ်ဘုန်းစီးတီး၊ ယိုကိုဟားမားအက်ဖ်မာရီနို၊ ဂျီရိုနာ၊ ဂျီအန်နူ၊ မွမ်ဘိုင်းစီးတီး၊ လိုမယ်လ်၊ ထရိုယတ်စ်၊ ပါလာမို၊ မွန်တီဗွီဒီယိုနဲ့ ဘိုလီဗာတို့ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

Source: BBC