CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၅

ဘရိုက်တန်အသင်းနည်းပြ ဒီဇာဘီက ယူနိုက်တက်အသင်းကို ပွဲချိန် ၉၉ မိနစ်မှာ သွင်းယူတဲ့ ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရပြီးနောက် ဘောလုံးရဲ့ နတ်ဘုရားရှိတယ်လို့ ပြောခဲ့ပါတယ်။

ဒီဇာဘီက “ဘောလုံးရဲ့ နတ်ဘုရားဆိုတာ ရှိပါတယ်။ ကျနော်တို့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ အနိုင်ရဖို့ ထိုက်တန်ခဲ့ပေမယ့် ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျနော်တို့ ပင်နယ်တီနဲ့ အနိုင်ရခဲ့ပါတယ်။ ၂ ပွဲစလုံးမှာ ကျနော်တို့က ယူနိုက်တက်ထက် ပိုပြီးကောင်းခဲ့ပါတယ်။ နောက်ဆုံးရလဒ်က မျှတမှု မရှိပါဘူး။ ပင်နယ်တီ ကန်သွင်းတဲ့အချိန်မှာ မကြည့်ခဲ့တာက ဒါက အလွန်ခက်ခဲတဲ့ အခိုက်အတန့်မို့ပါ”လို့ ပြောပါတယ်။

ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ဘရိုက်တန်အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲရဲ့ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ ယူနိုက်တက် နောက်ခံလူ လုခ်ရှောရဲ့ လက်ထိဘောကနေ ဘရိုက်တန် အသင်း ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့ပါတယ်။

ဒီပင်နယ်တီကို မက်အက်လစ္စတာက အမှားအယွင်းမရှိ ကန်သွင်းခဲ့တာပါ။ ဘရိုက်တန်အသင်းဟာ ပြီးခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ရဲ့ ပင်နယ်တီ အဆုံးအဖြတ်မှာ ယူနိုက်တက်အသင်းကို အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်မှာ ဒီရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘရိုက်တန်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ယူနိုက်တက်အသင်းကို အိမ်ကွင်း၊ အဝေးကွင်း ၂ ပွဲစလုံး အနိုင်ယူနိုင်ခဲ့တာပါ။

ဘရိုက်တန်နဲ့ ယူနိုက်တက် ယှဉ်ပြိုင်နေစဉ်

ယူနိုက်တက် အသင်းနည်းပြ အဲရစ်တန်ဟတ်ကတော့ ရှုံးနိမ့်ခဲ့လို့ စိတ်ပျက်ရပေမယ့် အလုပ်ကို နောက်ဆုံး အချိန် ထိ လုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ရှုံးနိမ့်မှုတိုင်းဟာ စိတ်ပျက်စရာ ကောင်းပါတယ်။ နောက်ဆုံးစက္ကန့်မှာ အရှုံးပေးရတာက ပိုပြီး တော့ စိတ်ရှုပ်စရာ ဖြစ်ခဲ့ပါတယ်။ အဆုံးသတ်မှာ ကျနော်တို့ဟာ သူတို့ကို ဂိုး ခွင့်ပြုပေးခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ အလုပ်တွေကို အဆုံးထိ လုပ်ရပါမယ်။ ကျနော်တို့ဟာ ထိန်းချုပ်နိုင်မှုလည်း မရှိသလို ပွဲကိုလည်း အရှုံးပေးခဲ့ရပါတယ်”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည် နေပြီး အဆင့် ၅ နေရာက လီဗာပူးလ် အသင်းထက် ၁ ပွဲလျော့ ကစားထားကာ ရမှတ် ၄ မှတ် အသာ ရထားတာပါ။

ဘရိုက်တန်အသင်းကတော့ အဆင့် ၆ နေရာမှာ ရှိနေပြီး ပွဲကျန် ၂ ပွဲကစားဖို့ ကျန်ရှိနေသေးတာကြောင့် ချန်ပီယံ လိဂ် ဝင်ခွင့်ရဖို့ မျှော်လင့်ချက်တွေ ရှင်သန်နေသေးတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းနဲ့ အဝေးကွင်း၊ ဘရိုက်တန်အသင်းက အဲဗာတန်အသင်းနဲ့ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail