CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၄

မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းဟာ ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာ ဂိုးသွင်းပြီးနောက် တစ်ရာသီအတွင်း ပရီးမီးယားလိဂ်ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းက ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ၁ ဂိုး သွင်းယူခဲ့တဲ့ ဟာလန်းဟာ အခု နှစ်ရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၃၅ ဂိုးအထိ ရှိလာခဲ့တာပါ။

အဲဒါကြောင့် မန်စီးတီး တိုက်စစ်မှူးဟာ အရင်က တစ်ရာသီအတွင်း ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံး ကစား သမားအဖြစ် စံချိန်တင်ထားတဲ့ အန်ဒီကိုးလ်နဲ့ အလန်ရှီးယားတို့ရဲ့ ၃၄ ဂိုးကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းဟာ မကြာသေးခင်ကလည်း လီဗာပူးလ်အသင်း တိုက်စစ်မှူး ဆာလတ်ရဲ့ ၃၂ ဂိုးကို ကျော်ဖြတ်ကာ ၃၈ ပွဲ ကစားရတဲ့ ပရီးမီးယားလိဂ် ရာသီရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ်လည်း စံချိန်သစ် တင်ထားတာပါ။

မန်စီးတီးအသင်းက ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ နည်းပြ ဂွာဒီယိုလာ၊ အသင်းဖော်တွေ၊ နည်းပြ အဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေက ဟာလန်းကို Guard of Honour နဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။

ဟာလန်းကတော့ သူဟာ စံချိန်မှတ်တမ်းတွေကို တွေးနေမှာမဟုတ်ဘဲ အိမ်ရောက်ရင် ဂိမ်းဆော့ပြီး အိပ်ရာ ဝင် မယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

ဟာလန်းကို ဂုဏ်ပြုနေကြစဉ်

ဟာလန်းက “ဒီစံချိန်မှတ်တမ်းတွေကို ဆက်ပြီးတွေးနေမှာ မဟုတ်ပါဘူး။ အိမ်ပြန်မယ်၊ ဂိမ်းတချို့ ဆော့မယ်၊ ပြီးရင် အစားစားပြီး အိပ်ရာဝင်မယ်။ မနက်ဖြန် ကျရင်တော့ ဒီတစ်ပတ် ကစားရမယ့် လိဒ်စ်အသင်းနဲ့ ပွဲအကြောင်း ကို တွေးရပါမယ်။ ဒါက အထူးည တစ်ညဖြစ်ပြီး အထူးကောင်းမွန်တဲ့ အခိုက်အတန့်ပါပဲ။ တကယ်ကို ပျော်ရွှင်မိပါ တယ်။ အခုအချိန်မှာတော့ ကျနော်တို့ တစ်ပွဲပြီးတစ်ပွဲကို အာရုံစိုက်ဖို့ အချိန်ရောက်နေပါပြီ။ နောက်ဆုံး ၉ ပွဲမှာ တစ်ပွဲချင်းစီက ဖလားဗိုလ်လုပွဲပါပဲ”လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဟာလန်းဟာ Guard of Honour နဲ့ ဂုဏ်ပြုခံရဖို့ ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ဒါက မယုံနိုင်စရာပါပဲ။ ပွဲတွေကို အနိုင်ရဖို့အတွက် သူဘယ်လောက်အထိ အရေးကြီးတဲ့ ဂိုးတွေ သွင်းထားလဲဆိုတာ ကျနော်တို့ မြင်တွေ့ခဲ့ရတာပဲ။ ကျနော်တို့အတွက် ကျေနပ်စရာပါပဲ။ သူက ထူးခြားတဲ့သူ ဖြစ်ပြီး ဒါက မယုံနိုင်စရာကောင်းတဲ့ မှတ်တိုင်ဖြစ်တာကြောင့် ဒီလိုမျိုး ဂုဏ်ပြုခံရဖို့ ထိုက်တန်ပါတယ်။ သူဟာ နောက်တစ်နေ့မှာ သူ့ရဲ့ စံချိန်ကိုတောင် သူချိုးဖျက်သွားနိုင်မှာပါ။ သူဟာ ဂိုးတွေ အများကြီး သွင်းယူထားပါ တယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ဒီရာသီမှာ မန်စီးတီး အသင်းအတွက် ၄၅ ပွဲ ပါဝင်ကစားထားပြီး ၅၁ ဂိုးအထိ သွင်းယူထားတာဖြစ်ကာ ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ မန်စီးတီးအသင်းကလည်း အာဆင်နယ်အသင်းဆီ ကနေ အဆင့် ၁ နေရာကို ပြန်လည် ရယူသွားနိုင်ခဲ့ပါတယ်။

Source: Goal