CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၁

ယူနိုက်တက်အသင်းပိုင်ရှင်ဖြစ်ဖို့ အလားအလာရှိသူတွေထဲက တစ်ဦးဖြစ်တဲ့ ရက်ကလစ်ဖ်က ပရီးမီးယားလိဂ် ကလပ်အသင်းအတွက် မိုက်မဲတဲ့ဈေးနှုန်းကို ပေးမှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ရက်ကလစ်ဖ်က “ပန်းချီကားတစ်ချပ်ရဲ့ဈေးနှုန်းကို ခင်ဗျားတို့ဘယ်လိုဆုံးဖြတ်မလဲ။အိမ်တစ်လုံးရဲ့ဈေးနှုန်းကိုရော ဘယ်လိုဆုံးဖြတ်ကြမလဲ။ဆောက်လုပ်ဖို့ ဘယ်လောက်ကုန်ကျတာ ဒါမှမဟုတ် ဆေးသုတ်ဖို့ ဘယ်လောက် ကုန်ကျတယ်ဆိုတာနဲ့ မသက်ဆိုင်ပါဘူး။ဒီလိုအရာတွေအတွက် မိုက်မဲတဲ့ဈေးနှုန်းပေးတာက မလုပ်ချင်တဲ့အရာတွေပါ။ဘာကြောင့်လဲဆိုရင် ခင်ဗျားနောင်တရနေမှာစိုးလို့ပါ” လို့ Wall Street Journal ကို ပြောခဲ့တာပါ။

ဗြိတိန်ဘီလျံနာ ရက်ကလစ်ဖ်ဟာ ပြီးခဲ့တဲ့အပတ်က အိုးထရက်ဖိုဒ့်နဲ့ ယူနိုက်တက်ကာရင်တန် လေ့ကျင့်ရေး စင်တာကို သွားရောက်လည်ပတ်ခဲ့ပြီး ကလပ်အသင်းနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ယူနိုက်တက် အသင်းပိုင်ရှင် ဂလေဇာမိသားစုဟာ အသင်းကို ရောင်းချဖို့လုပ်ဆောင်နေပြီး ပေါင် ၆ ဘီလီယံ အလိုရှိနေတာပါ။ လက်ရှိအချိန်မှာ ယူနိုက်တက်ကို ဝယ်ယူဖို့ ရက်ကလစ်ဖ်အပြင် အခြားအဖွဲ့အစည်းတွေကလည်း စိတ်ဝင်စားနေ ပြီး ရက်ကလစ်ဖ်ကတော့ ယူနိုက်တက်အသင်းကို ဝယ်ယူဖို့ လူသိရှင်ကြား ကြေညာထားတဲ့ အဖွဲ့အစည်းနှစ်ခု ထဲက တစ်ခုလည်း ဖြစ်ပါတယ်။

ရက်ကလစ်ဖ်ဟာ ပြင်သစ်ကလပ်နိုက်စ်အသင်းကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပြီး ယူနိုက်တက်ကို ဝယ်ယူချင်တာ က ငွေကြေးတစ်ခုဆိုတာထက် အသိုင်းအဝိုင်းပိုင်ဆိုင်မှုအဖြစ်သာ မှတ်ယူချင်နေတာပါ။ယူနိုက်တက်ကို ဝယ်ယူချင်နေတဲ့ နောက်ထပ်အဖွဲ့အစည်းတစ်ခုကတော့ ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျာဆင်မ်အယ်လ်သာနီ ဦးဆောင်တဲ့အဖွဲ့ဖြစ်ပါတယ်။အဆိုပါအဖွဲ့ရဲ့ကိုယ်စားလှယ်တွေကလည်း အိုးထရက်ဖိုဒ့်ထံ သွားရောက်လည်ပတ်မှုတွေပြုလုပ်ခဲ့ပြီး ဖြစ်တာပါ။

ယူနိုက်တက်အသင်းဟာ အင်္ဂလန်မှာ အအောင်မြင်ဆုံးအသင်းတွေထဲကတစ်သင်းဖြစ်ပြီး စံချိန်တင် ပရီးမီးယားလိဂ် အကြိမ် ၂၀၊ အက်ဖ်အေဖလား ၁၂ ကြိမ်၊ လိဂ်ဖလား ၆ ကြိမ်နဲ့ ဥရောပဖလား ၃ ကြိမ်အပါအဝင် အခြားအောင်မြင်မှုအများအပြားကို ရယူထားတာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ ၂၀၁၃ က ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ထွက်ခွာပြီးနောက် ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီ နည်းပြ အဲရစ်တန်ဟတ်လက်ထက်မှာတော့ ကာရာဘောင်းဖလားရယူပြီး ၆ နှစ်ကြာ ဆုဖလားလက်မဲ့ဖြစ်တာကို အဆုံးသတ်နိုင်ခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ယူရိုပါလိဂ်မှာ ကွာတားဖိုင်နယ်၊ အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

Source:Metro.com