CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၀

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်အစ်တီဟတ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲရလဒ်ကို စိတ်ပျက်ပေမယ့် ရှေ့လာမယ့် ပွဲတွေအတွက် အာရုံစိုက်ထားတယ်လို့ ပြောလိုက်ပါတယ်။

ရော်နယ်ဒိုက “ရလဒ်ကို စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ကျနော်တို့ ရာသီနဲ့ ရှေ့လာမယ့် ပွဲတွေအတွက် အာရုံစိုက် ထားပါတယ်။ အယ်လ်နာဆာ ပရိသတ်တွေရဲ့ အားပေးမှုတွေအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ကျနော်တို့ က ခင်ဗျားတို့ကို အားကိုးလို့ ရတယ်ဆိုတာ ကျနော်တို့ သိပါတယ်”လို့ ဆိုရှယ်မီဒီယာမှာ ရေးသားထားတာပါ။

ဆော်ဒီဒါဘီ ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ အယ်လ်အစ်တီဟတ်အသင်းက အယ်လ်နာဆာအသင်းကို ၁ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အယ်လ်နာဆာ အတွက်တော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ နောက်ပိုင်း ပထမဆုံး လိဂ်ရှုံးပွဲကို ကြုံတွေ့ခဲ့ရတာပါ။

ဒါ့အပြင် ရော်နယ်ဒိုကလည်း ၂ ပွဲဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးခဲ့ပြီး သူ့ရဲ့ ပထမဆုံး အမှတ်ပေးလိဂ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီအရှုံးရလဒ်ကို အလွန်စိတ်ပျက်နေပြီး ပွဲပြီးဆုံးချိန်မှာ ကွင်းဘေးစည်း မှာရှိနေတဲ့ ရေသန့်ဘူးတွေကို ကန်ထုတ်သွားခဲ့တာပါ။

ရော်နယ်ဒိုကိုတွေ့ရစဉ်

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကစားခဲ့တဲ့ပွဲတွေမှာ အယ်လ်နာဆာအသင်းအတွက် ခြေစွမ်းပြပြီး ၈ ဂိုး သွင်းယူကာ ၂ ဂိုး ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း ဆော်ဒီလိဂ်ရဲ့ ဖေဖော်ဝါရီလအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ပထမဆုံး အကြိမ် ရယူနိုင်ခဲ့တာပါ။ ဒါပေမယ့် ရော်နယ်ဒိုဟာ မတ်လအတွင်း ကစားခဲ့တဲ့ ၂ ပွဲစလုံးမှာတော့ ခြေစွမ်းပြနိုင် ခြင်း မရှိဘဲ ဂိုးပေါက် ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ အယ်လ်အစ်တီဟတ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ဆော်ဒီလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာကို အယ်လ်အစ်တီဟတ် အသင်းထံ လွှဲပေးခဲ့ရပြီး အဆင့် ၂ နေရာကို ကျဆင်းသွားခဲ့တာ ဖြစ်ပါ တယ်။

အဲဒါကြောင့် အယ်လ်နာဆာအသင်းဟာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်တက်လှမ်းနိုင်ဖို့အတွက် လာမယ့်ပွဲတွေမှာ အနိုင်ပြန်လည်ရယူဖို့ လိုအပ်နေတာပါ။

အယ်လ်နာဆာအသင်းဟာ မတ်လ ၁၈ ရက်မှာ လိဂ်ပွဲစဉ်အဖြစ် အက်ဘာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Marca