CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၀

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ဘတ်စ်တစ်အသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမ အကျော့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ဟာ ကွင်းထဲမှာ အကောင်းဆုံး ကစားသမားလို့ ချီးကျူးသွားခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ဘရူနိုက ကွင်းထဲမှာ အကောင်းဆုံး ကစားသမားပါ။ သူဟာ ပိုပြီးလေးနက်တဲ့ အခန်းကဏ္ဍ ကနေ ကစားခဲ့တာဖြစ်ပြီး သူက ထက်မြက်သလို အခွင့်အရေးတွေ အများကြီးကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ သူ ဟာ ဒီပွဲမှာဆိုရင် ပထမမိနစ် ကတည်းက အသင်းကို ဦးဆောင်ခဲ့ပြီး ဂိုးလည်း သွင်းနိုင်ခဲ့သလို ဂိုးလည်း ဖန်တီးနိုင် ခဲ့ပါတယ်။ အဲဒါကြောင့် ကျနော် ပျော်ရွှင်ပါတယ်။ သူ့ရဲ့ ပင်ကိုယ်စရိုက် လက္ခဏာတွေလည်း ပြသ နိုင်ခဲ့ပါတယ်။ ဘရူနိုဟာ စိတ်အားထက်သန်မှု အရမ်းများလာရင် အားနည်းချက် ဖြစ်လာနိုင်လို့ ဒါက သူထိန်းချုပ်ရပါမယ်။ ဒါကို သူလည်း သိပါတယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်းကို ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်တဲ့ပွဲအပြီး ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲမှာ ဘတ်စ်တစ် အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းအတွက် ဂိုးတွေကို ရက်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်၊ အန်တိုနီနဲ့ ဝက်ဂ်ဟော့စ်တို့က သွင်းယူခဲ့ပြီး ဘတ်စ်တစ်အတွက် ဂိုးကိုတော့ ပီရတ်ဇ်က သွင်းယူခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ ဘတ်စ်တစ် အသင်း အိမ်ကွင်းမှာ ဒုတိယအကျော့ ကစားဖို့ ကျန်ရှိသေးပေမယ့် ဒီပွဲရလဒ်ကြောင့် ကွာတားဖိုင်နယ်တက်ဖို့ နီးစပ်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းသားများကိုတွေ့ရစဉ်

ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲက အပြုအမူတွေကြောင့် ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ခံခဲ့ရပြီး အသင်းခေါင်းဆောင် လက်ပတ် ပေးမဝတ်ဖို့ တောင်းဆိုမှုတွေ ရှိခဲ့တာပါ။

ဒါပေမယ့် နည်းပြ အဲရစ်တန်ဟတ်က ဘရူနိုဖာနန်ဒက်စ်ကို ကာကွယ်ပေးခဲ့ပြီး မက်ဂွဲယား ကွင်းထဲမရှိတဲ့ အချိန် မှာ ပေါ်တူဂီကစားသမားက အသင်းခေါင်းဆောင် လက်ပတ်ကို ဆက်ပြီး ဝတ်ဆင်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ကတော့ ဝေဖန်မှုတွေကို ဘတ်စ်တစ်နဲ့ပွဲမှာ ခြေစွမ်းပြပြီး တုန့်ပြန်ခဲ့တာပါ။

အဲရစ်တန်ဟတ်က “လူအုပ်ကြီးရဲ့ တုန့်ပြန်မှုကို ကျနော် ကျေနပ်ပါတယ်။ ပထမ မိနစ်ကနေစပြီး သူတို့က အသင်း အနောက်မှာ ရှိနေပါတယ်။ အသင်းဘက်ကလည်း အကောင်းဆုံး စွမ်းဆောင်ပြီး သူတို့ကို ပြန်ပေးပါတယ်။ အသင်းနဲ့ ပရိသတ်တွေကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိလို့ ဒါကို ကျနော် ကျေနပ်ပါတယ်။ ပထမပိုင်းမှာ ကတည်းက ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရသင့်ပေမယ့် အမှားတစ်ခုကြောင့် ကျနော်တို့ အပြစ်ပေး ခံခဲ့ရပါတယ်။ ဒုတိယ ပိုင်းမှာတော့ ကျနော်တို့ ကောင်းမွန်တဲ့ ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail