CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၉

အားကစားကွင်းအတွင်း လူအုပ်ကြီးပြိုကျမှုနဲ့ ကမ္ဘာ့အသေအပျောက် အများဆုံး အဖြစ်အပျက်တွေထဲက တစ်ခု ဖြစ်ခဲ့တာမှာ ပေါ့ဆမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တဲ့အတွက် အင်ဒိုနီးရှားတရားရုံးက ဘောလုံးပွဲ တာဝန်ရှိသူကို မတ်လ ၉ ရက်က ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက အရှေ့ဂျာဗား ဒါဘီပွဲစဉ်ဖြစ်တဲ့ အရီမာနဲ့ ပါဆီဘာယာအသင်းတို့ရဲ့ ပွဲစဉ်မှာ ရဲတပ်ဖွဲ့တွေက မျက်ရည်ယို ဗုံးတွေနဲ့ လူစုလူဝေးကို ပစ်ခတ်ခဲ့ပြီးနောက် လူအများအပြားဟာ ထွက်ပေါက်ရှိရာ နေရာကို ထွက်ပြေးခဲ့ကြတာပါ။

ဒီအဖြစ်အပျက်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ပရိသတ် ၁၃၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပွဲရဲ့ တာဝန်ရှိသူ အဗ္ဗဒူဟာရစ်ရဲ့ ပေါ့ဆမှုကြောင့် လူတွေသေစေခဲ့တယ်ဆိုပြီး ဆူရာဘာယာတရားရုံးရဲ့ တရားသူကြီး က ပြောခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား ဘောလုံးကွင်းအတွင်းမှာ အဓိကရုဏ်းဖြစ်နေစဉ်

အင်ဒိုနီးရှား လူ့အခွင့်အရေးကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုအရ လူအုပ်ပြိုကျမှုရဲ့ အဓိကအကြောင်းရင်းက ရဲတပ်ဖွဲ့ က လူအုပ်အတွင်းထဲကို မျက်ရည်ယိုဗုံး ၄၅ လုံး ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားတာပါ။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကတော့ လူစုလူဝေး ထိန်းချုပ်မှုကို ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ နောက်ထပ် ပွဲတာဝန်ရှိသူ တစ်ဦးကိုလည်း သူ့ရဲ့ စီရင်ချက်နဲ့ ပတ်သက်ပြီး ကြာသပတေးနေ့မှာ ကြားနာဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဝင် ၃ ဦးကိုလည်း အလားတူ ပြစ်မှုတွေနဲ့ စွဲချက်တင်ထားပြီး သူတို့ရဲ့ အမှုတွေကို နောက်ပိုင်းမှာ ဆုံးဖြတ် ချက် ချမယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

အခုနှစ်ရာသီ အင်ဒိုနီးရှားလိဂ် ပြိုင်ပွဲဖြစ်တဲ့ လီဂါဝမ်းပြိုင်ပွဲကို ဆက်လက် ကျင်းပနေပြီး ဧပြီလမှာ ရာသီ အဆုံး သတ်မှာ ဖြစ်ပါတယ်။ ပီအက်စ်အမ် အသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက ပါဆစ်ဘန် ဒေါင်းအသင်းကို ၁၀ မှတ် အသာရထားတာပါ။

အရီမာအသင်းကတော့ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး ပါဆီဘာယာအသင်းက အဆင့် ၈ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: CNA