CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃

ရက်ရှ်ဖို့ဒ်အနေနဲ့ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးအဖြစ် ဆက်ရှိချင်တယ်ဆိုရင် လက်ရှိပုံစံကို ကျေနပ်မနေဘဲ ဆက်ပြီး ကြိုးစားဖို့ လိုတယ်လို့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “သူဟာ ဘယ်အချိန်မှာ ရပ်သွားမလဲဆိုတာ မသိပေမယ့် အခုပုံစံကို ကျေနပ်တယ်ဆိုရင်တော့ ပြီးသွားပါလိမ့်မယ်။ ကျေနပ်မှုက ပျင်းရိခြင်းကို ရောက်သွားနိုင်တဲ့အတွက် နေ့တိုင်း ကြိုးစားဖို့ လိုပါတယ်။ ကြိုးစားမှုကို ထိန်းသိမ်းပြီး ပွဲတိုင်းကို အာရုံစူးစိုက်မှု အပြည့်နဲ့ ယုံကြည်မှုတွေ၊ စွမ်းအင်တွေကိုပါ ယူဆောင်လာခဲ့မယ် ဆိုရင်တော့ ဂိုးတွေ ဆက်ပြီး သွင်းနိုင်ပါလိမ့်မယ်။ သူ့မှာ ခြေထောက်နှစ်ဖက်လုံးအပြင် ခေါင်းနဲ့ပါ ဂိုးသွင်း ယူနိုင်တဲ့ အရည်အချင်း ရှိပါတယ်”လို့ ပြောခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းက လိဒ်စ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ဒီရာသီပြိုင်ပွဲစုံသွင်းဂိုး ၂၁ ဂိုးအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပြန်လာပြီးကတည်းက အသင်းအတွက် ကစားခဲ့တဲ့ ၁၅ ပွဲမှာ ၁၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဒါဟာ ဥရောပထိပ်တန်း ၅ လိဂ်မှာရှိတဲ့ ဘယ်ကစားသမားထက်မဆို ကောင်း မွန်တဲ့ စွမ်းဆောင်ရည်လည်း ဖြစ်ခဲ့တာပါ။

 ရက်ရှ်ဖို့ဒ် ဂိုးသွင်းနေစဉ်

ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာ ယူနိုက်တက် ကစားသမားဘဝ သွင်းဂိုး ၁၁၄ ဂိုးအထိ ရှိလာခဲ့ပြီး အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားစာရင်းရဲ့ နံပါတ် ၁၉ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်ကတော့ ရက်ရှ်ဖို့ဒ်ဟာ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပြီး အခုထက် ပိုပြီး သွင်းဂိုးတွေ ဆက်သွင်းနိုင်ဖို့ မျှော်လင့်နေတာပါ။

အဲရစ်တန်ဟတ်က “သူနဲ့ စတွေ့ခဲ့တဲ့ ပထမဆုံး အချိန်ကတည်းက ယုံကြည်မှုရှိခဲ့တာပါ။ သူနဲ့ အလုပ် တွဲလုပ်ရ တာကို အလွန်စိတ်လှုပ်ရှားပါတယ်။ သူ့ဆီကနေ ဒီထက်ပိုပြီးတော့တောင် ရမယ်ထင်ပါတယ်။ သူ့မှာ အရည် အချင်းတွေလည်း အများကြီးရှိပြီး၊ ဒီထက်မြင့်မားနိုင်တဲ့ အလားအလာတွေလည်း ရှိနိုင်လို့ အခုထက်တောင် ပိုပြီးလုပ်နိုင်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာ က နယူးကာဆယ်အသင်းနဲ့ ၅ မှတ် ကွာဟနေတာပါ။

ယူနိုက်တက်အသင်းဟာဆိုရင် ကြားရက်မှာ ဘာစီလိုနာအသင်းနဲ့ ယူရိုပါလိဂ် ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail/ BBC