CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂

ဂျပန်ဘောလုံးသမားကြီး မီအူရာဟာ သူ့ရဲ့ ၅၆ နှစ်ပြည့် မွေးနေ့မတိုင်ခင်မှာ ဆယ်စုနှစ်ကျော်ကြာ ကစားနေတဲ့ သူ့ရဲ့ ကစားသမားဘဝကို ဆက်ပြီး သက်တမ်းတိုးကာ ပေါ်တူဂီဒုတိယတန်းကလပ် အိုလီဗီရန်ဆီအသင်းထံ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

သူ့ရဲ့ မွေးရပ်မြေမှာ "King Kazu" လို့ လူသိများတဲ့ မီအူရာဟာ ကစားသမားဘဝ ပွဲဦးထွက်ကို ဘရာဇီးလ်ကလပ် ဆန်းတို့စ် အသင်းနဲ့ ၁၉၈၆ မှာ စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ပရော်ဖက်ရှင်နယ်အဖြစ် ကစားတာ ၃၇ ရာသီရှိပြီ ဖြစ်ပါတယ်။

မီအူရာဟာ ဘရာဇီးလ်၊ ဂျပန်၊ အီတလီ၊ ခရိုအေးရှားနဲ့ သြစတြေးလျနိုင်ငံတွေမှာ ကစားခဲ့ပြီး ပေါ်တူဂီကို ပြောင်းရွှေ့တာဆိုရင်တော့ ၆ နိုင်ငံမြောက်အဖြစ် ကစားမှာ ဖြစ်ပါတယ်။

မီအူရာဟာ ပြီးခဲ့တဲ့ရာသီက အစ်ကိုဖြစ်သူ ကိုင်တွယ်နေတဲ့ ဂျပန်စတုတ္တတန်းကလပ် ဆူဇူကာပွိုင့်စ်ဂတ်တာစ် အသင်းမှာ ယိုကိုဟားမား အသင်းကနေ အငှားနဲ့ လာရောက်ကစားခဲ့တာပါ။

မီအူရာကို တွေ့ရစဉ်

မီအူရာဟာ ဂျပန်စတုတ္တတန်း ကလပ်အတွက် ၁၈ ပွဲ ပါဝင်ကစားခဲ့ပြီး ပင်နယ်တီနဲ့ ခေါင်းတိုက်သွင်းဂိုး ၁ ဂိုးစီ သွင်းယူနိုင်ခဲ့ကာ အသင်းကို အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

ယိုကိုဟားမားရဲ့ မိခင်ကုမ္ပဏီဟာ နိုဝင်ဘာလက ပေါ်တူဂီကလပ် အိုလီဗီရန်ဆီ အသင်းရဲ့ ရှယ်ယာအများစုကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

မီအူရာက “ဒါက ကျနော့်အတွက် နေရာအသစ် ဖြစ်ပေမယ့် ကျနော့်ရဲ့ လူသိများတဲ့ ကစားနည်းတွေကို အားလုံး ကို ပြသနိုင်ဖို့အတွက် ကြိုးစားသွားမှာပါ”လို့ ယိုကိုဟားမားအသင်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

မီအူရာဟာ ဖေဖော်ဝါရီ ၂၆ ရက်မှာ အသက် ၅၆ နှစ်ပြည့်မှာဖြစ်ပြီး အသက် ၆၀ အရွယ်ထိ ဆက်ကစားစေချင် တယ်လို့ ပြောထားတာပါ။ မီအူရာဟာ ၁၉၉၀ ပြည့်နှစ်တွေမှာ အာရှရဲ့ အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ဦးဖြစ်ပြီး ဂျပန်လက်ရွေးစင် အသင်းအတွက် ၁၉၉၀ မှာ စတင်ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဂျပန်လက်ရွေးစင် အသင်းအတွက် ၈၉ ပွဲ ကစားပြီး ၅၅ ဂိုး သွင်းယူနိုင်ခဲ့သလို ဂျပန်ဖူဆယ်အတွက်လည်း ၆ ပွဲကစားပြီး ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Source: CNA