CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇

ရတနာပုံအသင်းကနေ ရှမ်းယူနိုက်တက် အသင်းကို ရောက်ရှိလာတဲ့ ကစားသမားသစ် မျိုးကိုထွန်းက ရှမ်းယူနိုက် တက်မှာ ကစားရင် ချန်ပီယံဖြစ်နိုင်တယ်ဆိုတာ ယုံကြည်တယ်လို့ ပြောလိုက်ပါတယ်။

မျိုးကိုထွန်းက “ကျနော်က အာဆင်နယ် ပရိသတ်ပါ။ အာဆင်နယ်က ရှုံးပွဲမရှိဘဲ ချန်ပီယံ ဖြစ်ဖူးတယ်။ ရှမ်းယူနိုက် တက် ကလည်း ရှုံးပွဲမရှိ ချန်ပီယံ၊ အဲဒီအချက်ကို သဘောကျတယ်။ နောက်ပြီး AFC ပွဲတွေ ကစားချင်တယ်။ ချန်ပီယံဆုတွေ ထပ်ယူချင်တယ်၊ ရှမ်းအသင်းမှာ ကစားရင် ချန်ပီယံ ဖြစ်နိုင်တယ်လို့ ယုံကြည်တယ်”လို့ ပြောခဲ့ တာပါ။

ရှမ်းယူနိုက်တက် အသင်းဟာ မြန်မာနေရှင်နယ်လိဂ် ရာသီသစ် မစတင်ခင် ကစားသမားသစ်တွေကို အားဖြည့်နေ တာဖြစ်ပြီး အခုဆိုရင် ၈ ဦးမြောက် ခေါ်ယူမှုအဖြစ် မျိုးကိုထွန်းကို ၂ ရာသီစာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
မျိုးကိုထွန်းဟာ ရတနာပုံ အကယ်ဒမီကနေ ထွက်ပေါ်လာတာဖြစ်ပြီး ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာအသင်း ရဲ့ အဓိက ကစားသမား တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ သူဟာ မြန်မာ့လက်ရွေးစင် အသင်းကြီးမှာလည်း ပါဝင်ခွင့် ရနေသူ ဖြစ်ပါတယ်။

မျိုးကိုထွန်းကို တွေ့ရစဉ်

မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းဟာ မျိုးကိုထွန်း အပါအဝင် ရတနာပုံအသင်းက အောင်ဝဏ္ဏစိုးနဲ့ ရဲရင့်အောင်တို့ကိုလည်း ခေါ်ယူအားဖြည့်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း ကျော်ကိုကို-ကိုလည်း ပထမဆုံး ခေါ်ယူမှု ပြုလုပ်ခဲ့ပါတယ်။

ရှမ်းယူနိုက်တက် အသင်းဟာ ကစားသမားသစ်တွေ ဆက်လက် ခေါ်ယူဖို့ ရှိနေပြီး ပြည်ပတိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ရှမ်းယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုကို ဆက်ထိန်းဖို့နဲ့ AFC Cup ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့အတွက် အခုကတည်းက ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။