CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉

ပီအက်စ်ဂျီအသင်း ကြယ်ပွင့်ကစားသမား နေမာဟာ စထရာဘောင်း အသင်းနဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်း ပွဲစဉ်မှာ ဟန်ဆောင်ပြီး ဒိုင်ဗင်ထိုးခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားအပြီးမှာ ပီအက်စ်ဂျီအသင်းအတွက် ပထမဆုံး ပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့တဲ့ နေမာဟာ ၂ မိနစ် အတွင်းမှာပဲ အဝါကတ် ၂ ကြိမ် ပြသခံခဲ့ရပြီး ထုတ်ပယ် ခံခဲ့ရတာပါ။

ပီအက်စ်ဂျီအသင်း ကစားသမားဟာ ပွဲချိန် ၆၁ မိနစ်မှာ အဝါကတ် ပြသခံခဲ့ရပြီး နောက်တစ်မိနစ် အကြာမှာ ဧရိယာအတွင်း ပင်နယ်တီရဖို့ ဒိုင်ဗင်ထိုးခဲ့တာကြောင့် ဒိုင်လူကြီးက ဒုတိယအဝါကတ်နဲ့ အနီကတ်ကို ချက်ချင်း ပြသပြီး ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအနီကတ်ဟာ နေမာရဲ့ ပီအက်စ်ဂျီ ကစားသမားဘဝ ၅ ကြိမ်မြောက် ပြသခံခဲ့ရတဲ့ အနီကတ်လည်း ဖြစ်ခဲ့ပါတယ်။

ပရိသတ်တွေကတော့ ဟန်ဆောင်ပြီး ဒိုင်ဗင်ထိုးခဲ့တဲ့ နေမာကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဘတ်ပီကန်သွင်းနေစဉ်

ပရိသတ်တစ်ဦးက “နေမာအနေနဲ့ ဒိုင်ဗင်ထိုးမယ်ဆိုရင်လည်း မှန်မှန်ကန်ကန်နဲ့ပဲ လုပ်ပါ။ အနီကတ် ထိအောင် တော့ မလုပ်ပါနဲ့။ ဒါက နေမာရဲ့ မိုက်မဲမှုပါ”လို့ ရေးသားခဲ့တာပါ။

နောက်တစ်ဦးကတော့ “နေမာဟာ အိုလံပစ် အားကစားပြိုင်ပွဲမှာ ပရော်ဖက်ရှင်နယ် ရေငုပ်သမားဖြစ်နိုင်တယ်”လို့ ရေးသားခဲ့သလို နောက်ထပ် တစ်ဦးကလည်း “နေမာအနေနဲ့ အလွန်ရယ်စရာ ကောင်းတဲ့ ပင်နယ်တီကို ရယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒါဟာ ဒိုင်ဗင်ထိုးတယ်ဆိုတာ အလွန်ရှင်းလင်းပါတယ်”လို့ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။

ဒီပွဲမှာ ပီအက်စ်ဂျီအသင်းဟာ စထရာဘောင်းအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုးကို မာကွင်ဟိုစ်က သွင်းယူခဲ့ပေမယ့် သူကပဲ စထရာဘောင်းအတွက် ကိုယ့်ဂိုး ကိုယ် ပြန်သွင်းပေးခဲ့တာဖြစ်ပြီး အနိုင်ဂိုးကို ဘတ်ပီက နာကျင်အချိန်ပို ၆ မိနစ်မှာ ပင်နယ်တီကနေ သွင်းယူသွား ခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဒီနိုင်ပွဲကြောင့် လီဂူးဝမ်း အမှတ်ပေးဇယားမှာ ဒုတိယနေရာက လန်းစ်အသင်းကို ၈ မှတ် ဖြတ်ပြီး ဦးဆောင်နေတာပါ။

ပီအက်စ်ဂျီအသင်းဟာ လာမယ့် လီဂူးဝမ်းပွဲစဉ်အဖြစ် ဇန်နဝါရီ ၂ ရက်မှာ လန်းစ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail