CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘ ၂၆

မန်စီးတီးအသင်းဖော် ဟာလန်းဟာ ကစားသမားဘဝအနားမယူခင်မှာ ဂိုး ၈၀၀ အထိသွင်းနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ဒီဘရိုင်းက ပြောလိုက်ပါတယ်။

ဒီဘရိုင်းက “သူ့သွင်းယူထားတဲ့ ဂိုးက ဂိုး ၂၀၀ လောက်အထိ ရှိနေပါပြီ။သူဟာ ကြံ့ခိုင်မှုရှိနေပြီး အခုလုပ်နေတဲ့ အရာတွေကိုသာ ဆက်ပြီးလုပ်ဆောင်နိုင်မယ်ဆိုရင် သူ့ရဲ့သွင်းဂိုးတွေဟာ ၆၀၀၊ ၇၀၀၊ ၈၀၀ လောက်အထိ ဖြစ်သွားနိုင်ပါတယ်။ဟာလန်းက ထိပ်တန်းအဆင့်ရှိတဲ့ တိုက်စစ်မှူးတစ်ဦးပါ” လို့ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ဒေါ့မွန်ကနေ ရောက်ရှိလာတဲ့ ဟာလန်းဟာ မန်စီးတီးအသင်းအတွက် ၁၉ ပွဲ ကစားအပြီးမှာ ၂၄ ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့ ဂိုးသွင်းအများဆုံး ကစားသမားတွေထဲမှာ ထိပ်ဆုံးက ဦးဆောင်နေသူ ၂ ဦးက ရော်နယ်ဒိုနဲ့ မက်ဆီတို့ဖြစ်ပြီး ရော်နယ်ဒိုက ၈၁၉ ဂိုးသွင်းယူထားကာ၊ မက်ဆီက ၇၉၃ ဂိုးသွင်းယူထားတာပါ။အဲဒါကြောင့် ဒီဘရိုင်းက ဟာလန်းကို ရော်နယ်ဒို၊ မက်ဆီတို့ရဲ့ သွင်းဂိုးတွေအထိ ရောက်ရှိနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဒီဘရိုင်းဟာ ကစားသမားဘဝမှာ ထိပ်တန်းတိုက်စစ်မှူးအများအပြားနဲ့ ကစားခဲ့ပြီး မန်စီးတီး ဂန္တဝင် အဂွေရို နဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တာပါ။ဒါ့အပြင် ဘယ်လ်ဂျီယံအသင်းဖော် လူကာကူ၊ မန်စီးတီး အသင်းဖော် ဟောင်း ဂျီးဆပ်စ်၊ ကမ္ဘာ့ဖလားချန်ပီယံဆုကို မကြာသေးခင်ကမှ ရထားတဲ့ အယ်လ်ဗားရတ်စ်တို့နဲ့လည်း တွဲဖက် ကစားခဲ့တာဖြစ်ပါတယ်။

ဒီဘရိုင်းက “သူတို့တွေအားလုံးက လုံးဝကို မတူညီတာကြောင့် နှိုင်းယှဉ်ရတာ အလွန်ခက်ပါတယ်။ သူတို့တွေ အားလုံးက ဂိုး ၃၀၀၊ ၄၀၀ လောက်ထိ သွင်းယူထားပြီးပါပြီ။ဟာလန်းက ဂိုးသွင်းရတာကို အလွန်နှစ်ခြိုက်နေပြီး ဒီထက်တောင်ကျော်သွားနိုင်တာပါ။ဂိုးတွေသွင်းရတာကို သဘောကျတဲ့ သူ့အတွက်တော့ ဒါက သူ့ဆီမှာ အ ထူးခြားဆုံးပဲလို့ “ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဒီဇင်ဘာ ၂၈ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လိဒ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဟာလန်းဟာ သူ့ရဲ့ မွေးရပ်မြေကို ပြန်လာရမှာဖြစ်ပါတယ်။

Source:ChannelNewsAsia