CNI International News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက အနာဂတ်မှာ မြောက်ကိုရီးယားလည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပ နိုင်ဖို့အတွက် လမ်းဖွင့်ထားတယ်လို့ ပြောလိုက်ပါတယ်။

အင်ဖန်တီနိုက “ ဖီဖာက ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအဖွဲ့အစည်း တစ်ခုပါ။ ကျနော်တို့ဟာ ဘောလုံး လူသားတွေ ဖြစ်ပြီး နိုင်ငံရေးသမားတွေ မဟုတ်ပါဘူး။ ကျနော်တို့ဟာ လူတွေကို စုစုစည်းစည်းနဲ့ အတူတကွ ရှိစေချင်တာပါ။ ဘယ်နိုင်ငံမဆို ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပလို့ ရပါတယ်။ တကယ်လို့ မြောက်ကိုရီးယားကသာ ကျင်းပခွင့် ရချင်တယ်ဆိုရင်ပေါ့”လို့ The Athletic ကို ပြောခဲ့တာပါ။

ဖီဖာဟာ ဝေဖန်မှုတွေ အများအပြား ခံနေရတဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို စတင်ကျင်းပနိုင်ခဲ့ပြီး ဘောလုံးကို အသုံးချကာ ကမ္ဘာကို ပေါင်းစည်းနိုင်တယ်လို့ အင်ဖန်တီနိုက ပြောခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်ကိုတွေ့ရစဉ်

ဖီဖာဥက္ကဋ္ဌဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မြောက်ကိုရီးယားနိုင်ငံကို သွားရောက် လည်ပတ်ခဲ့ပြီး အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပနိုင်မလားဆိုတာ ကြည့်ရှုခဲ့တယ်လို့ ပြောပါတယ်။

အင်ဖန်တီနိုက “လွန်ခဲ့တဲ့နှစ် အနည်းငယ်က ကျနော် မြောက်ကိုရီးယားကို သွားခဲ့ပါတယ်။ တောင်ကိုရီးယား နဲ့ အတူ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ အဆင်သင့် ဖြစ်ပြီလားဆိုပြီး မေးခဲ့ပါတယ်။ ဒါက မအောင်မြင် ခဲ့ပေမယ့် ဒီလိုလုပ်ဆောင်မှုသာ အဆင်ပြေမယ်ဆိုရင် နောက်ထပ်အကြိမ် ၁၀၀ လောက် ကျနော် ထပ်သွားမှာပါ။ ထိတွေ့ ဆက်ဆံမှသာ တကယ့် အပြောင်းအလဲကို ယူဆောင်ပေးနိုင်တာပါ။ ကျနော်တို့ဟာ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းပါ။ ကမ္ဘာကြီးကို စည်းလုံးစေမယ့် အဖွဲ့အစည်းအဖြစ် ဆက်လက် ရှိချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၆၆ နဲ့ ၂၀၁၀ မှာ ၂ ကြိမ် ယှဉ်ပြိုင်ထားပြီး ၁၉၆၆ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တာပါ။ မြောက်ကိုရီးယားအသင်းဟာ ၂၀၁၉ က ကျင်းပခဲ့တဲ့ အာရှဖလား ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

Source: Sportbible