CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆

မြောက်ကိုရီးယား ရုပ်သံတွေဟာ သူတို့ရဲ့ နိုင်ငံရေးရန်ဘက်တွေ ပါဝင်တဲ့ ကမ္ဘာ့ဖလားပွဲတွေကို ပြသခြင်းမပြုဘဲ သပိတ်မှောက်ဖို့ အမိန့်ပေးခြင်း ခံထားရတယ်လို့ သိရပါတယ်။

ကင်မ်ဂျုံအန်း ဦးဆောင်တဲ့ မြောက်ကိုရီးယားနိုင်ငံဟာ အိမ်နီးချင်း တောင်ကိုရီးယားနဲ့ ဆက်ဆံရေး ပြတ်တောက် နေပြီး ဂျပန်၊ အမေရိကန်တို့လို နိုင်ငံတွေနဲ့လည်း ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဆက်ဆံရေး တင်းမာနေပါတယ်။

KBS World TV က မြောက်ကိုရီးယား ရုပ်သံလိုင်းတွေဟာ ကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန် ပါဝင်တဲ့ ပွဲစဉ်တွေကို ပြသခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရုပ်သံထုတ်လွှင့်ခွင့် ဝယ်ယူထားခြင်း မရှိပေမယ့် ပွဲစဉ်တွေကို ပြသနေတယ်လို့ တွစ်တာအသုံးပြုသူ တစ်ဦးက ပုံနဲ့တကွ ဖော်ပြထားပါတယ်။

တောင်ကိုရီးယားကစားသမားများကို တွေ့ရစဉ် (Eurosport)

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကတော့ မြောက်ကိုရီးယားနိုင်ငံကို ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ လမ်းဖွင့် ပေးထားတယ်လို့ မကြာသေးခင်က ထုတ်ပြောထားတာ ဖြစ်ပါတယ်။ အင်ဖန်တီနိုဟာ မြောက်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့ဖူးပြီး အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို တောင်ကိုရီးယားနဲ့ ပူးတွဲကျင်းပဖို့ အဆင်သင့်ဖြစ်လားလို့ မေးမြန်းခဲ့တာပါ။

ဖီဖာဟာ အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာမှာ ကျင်းပတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ခံရချိန်မှာ မြောက်ကိုရီးယားကိုပါ လမ်းဖွင့်ပေးခဲ့လို့ ဝေဖန်မှုတွေဟာ ၂ ဆတိုး လာခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် ရပ်တည်မှု ၁၁၂ နေရာမှာ ရပ်တည်နေတဲ့ မြောက်ကိုရီးယားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂ ကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ အင်္ဂလန်မှာ ကျင်းပတဲ့ ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံး အကြိမ်အဖြစ် ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၀ တောင်အာဖရိကမှာ ကျင်းပတဲ့ပြိုင်ပွဲကို ဒုတိယအကြိမ်အဖြစ် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

Source:Sportbible