CNI Sport Article

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၀

လူမည်းနည်းပြတွေအတွက် တံခါးတွေ မဖွင့်ထားဘူးလို့ ပြောလာသူကတော့ ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြ ဗီအဲရာ ဖြစ်ပါတယ်။

ဗီအဲရာက ပရီးမီးယားလိဂ်မှာရှိတဲ့ တစ်ဦးတည်းသော လူမည်းနည်းပြ တစ်ဦးဖြစ်ပြီး လူမည်း ကစား သမားတွေကို နည်းပြအဖြစ် လုပ်နိုင်အောင် တွန်းအားပေးနိုင်ဖို့ ပိုမိုလုပ်ဆောင်ရန် လိုအပ်တယ်လို့ ပြောပါတယ်။

အစီရင်ခံစာ အသစ်တစ်ခုရဲ့ ဖော်ပြချက်မှာ ပရီးမီးယားလိဂ်မှာ ၄၃ ရာခိုင်နှုန်းနဲ့ EFL မှာ ၃၄ ရာခိုင်နှုန်းက လူမည်းကစားသမားတွေ ဖြစ်ပေမယ့် နည်းပြကတော့ ၄.၄ ရာခိုင်နှုန်းသာ ရှိပါတယ်။

ဗီအဲရာက “အရောင်ရှိတဲ့ သူတွေကို အခွင့်အရေး ပေးရပါမယ်။ ကျနော်တို့က တခြားသူတွေလိုပဲ ကောင်း မွန်ပါတယ်။ ပြီးတော့ ကျနော်တို့ဟာ တခြားသူတွေထက် အခွင့်အရေး ပိုနည်းတာ ဒါမှမဟုတ် ပိုမများ တာ ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ခင်ဗျားတို့အနေနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ထိပ်တန်း ၅ လိဂ်ကို ကြည့်ပြီး ပထမတန်းနဲ့ ဒုတိယတန်းမှာရှိတဲ့ လူမည်းနည်းပြတွေကို ကြည့်လိုက်ပါ။ လုံလောက်မှု မရှိတာကို တွေ့ မြင်ရပါလိမ့်မယ်”လို့ BBC Football News Show နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

လူမည်းနည်းပြ ဗီအဲရာကိုတွေ့ရစဉ် (BBC)

ဒါ့အပြင် ဗီအဲရာက “ အဲ့ဒီမှာ အခွင့်အလမ်းတွေက နည်းပါးပါတယ်။ ခြုံပြီး ပြောရမယ်ဆိုရင် ကျနော်တို့ လုပ်ဆောင်နိုင်တာကို လုပ်ဖို့နဲ့ နည်းပြ လမ်းကြောင်းတွေအတွက် တံခါးတွေ ဖွင့်မထားဘူးလို့ ကျနော်က ယုံကြည်နေပါတယ်။ နည်းပြအကြောင်း ပြောတဲ့အခါမှာ အသင်းအကြောင်းလည်း ပြောပေမယ့် ကျနော် ကတော့ အထက်တန်းအဆင့် အကြောင်းကိုလည်း ပြောနေတာပါ။ ကျနော်တို့ဟာ အခြားသူတွေထက် ပိုမိုကောင်းမွန်တယ်ဆိုတာ ပြသနိုင်ဖို့ အခွင့်အရေးတွေ ပိုမိုရရှိဖို့ လိုပါတယ်”လို့ ပြောခဲ့ပါတယ်။

ဗီအဲရာဟာ ပရီးမီးယားလိဂ်ခေတ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ပြင်သစ် လက်ရွေးစင်နဲ့ ၁၉၉၈ မှာကမ္ဘာ့ဖလား၊ ၂၀၀၀ မှာ ဥရောပ ချန်ပီယံရှစ်ဖလားကို ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

အာဆင်နယ် ကစားသမားဘဝမှာ ဗီအဲရာဟာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ် ရယူနိုင်ခဲ့ပြီး ၂၀၀၃-၀၄ ရာသီက ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိ ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ အသင်းရဲ့ အဓိကအစိတ်အပိုင်း အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

 

အာဆင်နယ်အသင်းမှာ ဗီအဲရာ ကစားခဲ့စဉ် (Arsenal)

ပြင်သစ် ကစားသမားဟာ အင်တာမီလန် အသင်းနဲ့အတူ စီးရီးအေဖလား ၄ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပြီး ကစားသမားဘဝကို ၂၀၁၁ ခုနှစ်က မန်စီးတီးအသင်းမှာ အဆုံးသတ်ခဲ့တာပါ။

ဗီအဲရာဟာ လက်ရှိ ပဲလေ့စ်အသင်းကို မကိုင်တွယ်ခင် နယူးယော့ခ်စီးတီးနဲ့ နိုက်စ်အသင်းမှာ နည်းပြ အဖြစ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ကစားသမားဘဝ အဆုံးသတ်ပြီးနောက် နည်းပြဘဝကို ဦးဆောင် နိုင်ဖို့ မန်စီးတီးအသင်းရဲ့ မန်နေဂျင်းဒါရိုက်တာ မာဝုဒ်က အားပေးခဲ့တယ်လို့ သူက ပြောပါတယ်။

ဗီအဲရာက “ကျနော် မာဝုဒ်နဲ့ စကားတွေ အများကြီး ပြောဖြစ်ခဲ့ပြီး ကစားသမားဘဝနဲ့ လုံလောက်မှု မရှိ ဘူး ဆိုတာကို သူနားလည်စေခဲ့ပါတယ်။ မန်စီးတီး ယူ-၂၁ အသင်းနဲ့ နည်းပြဘဝကို စတင်ခဲ့ပြီး အဲ့ဒီ နောက်မှာ နယူးယေ့ာ့ခ်ကို သွားခဲ့ပါတယ်။ အဲ့ဒီယုံကြည်မှုကို တည်ဆောက်ဖို့ လိုအပ်ပြီး အတွေ့အကြုံ တွေအပြင် ဒါက ကိုယ်လုပ်ချင်တာကို လုပ်တာဆိုတော့ ကိုယ့်ကိုယ်ကိုလည်း တကယ်ယုံကြည်ဖို့ လိုပါ တယ်။ ကျနော့် ပတ်ဝန်းကျင်မှာ ကောင်းမွန်တဲ့ လူတွေ ရှိခဲ့ပါတယ်။ ကျနော့် အရည်အချင်းကို ယုံကြည် မှု အပြည့်နဲ့ မန်နေဂျာကောင်း တစ်ယောက်ဖြစ်ဖို့အတွက် ပဲလေ့စ်မှာ ရှိနေတာပါ”လို့ ပြောခဲ့ပါတယ်။

အင်တာမီလန်အသင်းမှာ ဗီအဲရာ ကစားခဲ့စဉ် (Eurosport)

အခုနှစ် အစောပိုင်းက ဖွဲ့စည်းခဲ့တဲ့ The Black Footballers Partnership ရဲ့ ပြီးခဲ့တဲ့အပတ်က အစီရင်ခံ စာမှာ ယူအီးအက်ဖ်အေ ပရော်ဖက်ရှင်နယ် လိုင်စင်ရဲ့ ထိပ်တန်းနည်းပြ အရည်အချင်းရှိသူရဲ့ ၁၄ ရာခိုင်နှုန်းက လူမည်းတွေ ဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။

ဘောလုံးလောကမှာ အမှုဆောင်ချုပ်၊ ခေါင်းဆောင်မှုနဲ့ အသင်းပိုင်ရှင် ရာထူးတွေမှာ ၁.၆ ရာခိုင်နှုန်းကို သာ လူမည်းတွေက ချုပ်ကိုင်ထားတာပါ။

အက်ဖ်အေက ၂၀၂၀ မှာ မတူကွဲပြားမှုကုဒ်ကို စတင်ခဲ့ပြီး အင်္ဂလိပ်ပွဲတွေမှာ လူမျိုးရေး မညီမျှမှုကို ကိုင် တွယ် ဖြေရှင်းဖို့ ရည်ရွယ်ခဲ့တာပါ။ ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ အခြား ၃၀ တို့ဟာ ဗော်လန် တီယာ ကုဒ်ကို လတ်မှတ် ရေးထိုးခဲ့ကြပြီး တစ်သင်းချင်းစီဟာ သူတို့ရဲ့ လုပ်သားအင်အား ဆိုင်ရာ နှစ် အလိုက် ဒေတာတွေကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ကျူပီအာအသင်းရဲ့ ဘောလုံးဒါရိုက်တာ လတ်စ်ဖာဒီနန်ကတော့ လူမည်း ကစားသမားတွေကို ပွဲတွေမှာ အလုပ်အကိုင် ရရှိအောင် အကူအညီပေးတာမှာ ဘာမှ ထူးခြားမှု မရှိဘူးလို့ ပြီးခဲ့တဲ့အပတ်က ပြောခဲ့တာ ဖြစ်ပါတယ်။

Source: BBC