CNI Article

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃

ဒရီကာဟာ ဘရာဇီးလ်အသင်းကို ၂၀၁၄ Street Child United World Cup ပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ဦးဆောင်နိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ သူမဟာ ဘရာဇီးလ်နိုင်ငံမြောက်ပိုင်း ဆာဂျီပီရှိ ရွာငယ်လေး ဆာရာ ကာရီဒါကနေ ရောက်ရှိလာခဲ့တာပါ။

ဒရီကာဟာ သေးငယ်တဲ့ အိမ်လေးမှာ အဘိုးအဘွားတွေနဲ့ ကြီးပြင်းလာခဲ့တာဖြစ်ပြီး မီးဖို၊ မီးလုံး၊ တီဗွီ၊ အရုပ်တွေ အများအပြား အပါအဝင် ပိုက်ဆံအများကြီးလည်း မရှိသလို၊ ဇိမ်ခံပစ္စည်းတွေ၊ အခြေခံကျတဲ့ အရာတွေတောင် မရှိပါဘူး။

ဒရီကာက ဘောလုံးဟာ သူမကို ဘယ်လို စိတ်အားထက်သန်မှု ရှိစေလဲဆိုတဲ့ အကြောင်းနဲ့ သူမ စိတ်ကူး ထဲမှာတောင် မတွေးဖူးတဲ့ အနာဂတ်ဆီကို ခေါ်ဆောင်သွားပုံကို ပြောပြပါတယ်။ ဒရီကာဟာ ၇ နှစ် အရွယ်မှာ သူမရဲ့ အဒေါ်တွေ၊ ဝမ်းကွဲမောင်နှမတွေနဲ့ ဘောလုံးကစားခဲ့ပြီး ဒါဟာ သူလုပ်နိုင်တဲ့ တစ်ခု တည်းသော အရာဖြစ်ခဲ့ပါတယ်။
“ကျမအိပ်ရာက နိုးလာပြီရင် ဘောလုံးကစားတယ်၊ ဒါကို အလွန်ပျော်ရွှင်ပါတယ်။ ကျမအတွက် တခြား ဘာမှ လုပ်စရာ မရှိခဲ့ပါဘူး”လို့ ဒရီကာက ပြောပြလာပါတယ်။

အဖွားဖြစ်သူ ကွန်လွန်သွားပြီးနောက် ဒရီကာဟာ အသက် ၁၃ နှစ်အရွယ်မှာ ရီယိုမြို့ကို ပြောင်းရွှေ့ခဲ့ ပါတယ်။ သူမဟာ မိခင်ဖြစ်သူရယ်၊ ပထွေးဖြစ်သူနဲ့အတူ နေထိုင်ခဲ့တာပါ။

 

Street Child World Cup 2014 မှာ ဒရီကာရဲ့အသင်းသားများ ပျော်ရွှင်နေကြ

ဒရီကာဟာ မိခင်ဖြစ်သူရဲ့ လက်ထဲမှာ ကြီးပြင်းလာတာ မဟုတ်သလို နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်ကို လည်း မမှတ်မိတော့တာကြောင့် အမေနဲ့ သမီးဆိုတဲ့ နှောင်ကြိုးမျိုး မရှိခဲ့ပါဘူး။ ရွာမှာနေခဲ့တုန်းက ဘဝ က ခက်ခဲခဲ့ပေမယ့် သူမဟာ ပျော်ရွှင်ခဲ့ပြီး လွတ်လွတ်လပ်လပ်လည်း နေခဲ့ရပါတယ်။

သူငယ်ချင်းတွေနဲ့ လမ်းမပေါ်ထွက်ပြီး ကစားခွင့်လည်း ရခဲ့ပါတယ်။ ရီယိုကို ပြောင်းလာတဲ့ အချိန်မှာ တော့ ဒါတွေဟာ ပြောင်းလဲသွားခဲ့ပြီး ခြားနားမှုတွေလည်း ရှိခဲ့သလို လွတ်လွတ်လပ်လပ်လည်း မနေရ တော့ပါဘူး။ သေနတ်ကြီးတွေ ကိုင်ထားတဲ့ လူတွေရှိတော့ အကြမ်းဖက်မှုတွေလည်း အများကြီး တွေ့မြင် ခဲ့ရပါတယ်။

ရီယိုမှာတော့ ဘောလုံးက သူမကို အိမ်မှာလိုပဲ ခံစားစေခဲ့တဲ့ တစ်ခုတည်းသော အရာဖြစ်ခဲ့ပါတယ်။ ကစားခဲ့တဲ့ အချိန်မှာ မြင်တွေ့ခဲ့ရတဲ့ အကြမ်းဖက်မှု အကြောင်းတွေကိုလည်း သူမ မတွေးနိုင်တော့ပါဘူး။

သူမက ဘောလုံးကိုပဲ ဆက်ကစားချင်နေတာဖြစ်ပြီး ကျန်တာအားလုံးက ဒီအတိုင်းပဲ ဆက်သွားနိုင်ပါတယ်။

“အမေဖြစ်သူနဲ့အတူ ပြောင်းလာခဲ့တုန်းက ဆယ်ကျော်သက်အရွယ်မှာ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားခဲ့ရပါတယ်။ အဆင်ပြေအောင် သွားခဲ့ရပေမယ့် တစ်ခါတစ်ရံမှာတော့ ပထွေးဖြစ်သူနဲ့ ရန်ဖြစ် ခဲ့ဖူးပါတယ်။ တစ်ကြိမ်မှာတော့ အစိုးရ အလုပ်သင် အစီအစဉ်က ထောက်ပံ့ကြေးအဖြစ် ရရှိတဲ့ ဝင်ငွေကို သူ့ကိုပေးဖို့ ငြင်းခဲ့လို့ အိမ်ကနေ သူ့ရဲ့ မောင်းထုတ်ခြင်းကို ခံခဲ့ရပါတယ်” လို့ ဒရီကာက သူကြုံ ခဲ့ရပုံကို ပြန်ပြောင်း ပြောပြလာပါတယ်။

ဒရီကာက ထပ်ပြီးတော့ “ ကျမ ချိန်းတွေ့နေကြ ကောင်လေးနဲ့အတူ တခြားနေရာကို သွားရောက်ခဲ့ ပေမယ့် ၈ လလောက်အကြာမှာ ကျမတို့ လမ်းခွဲခဲ့ကြပြီး ကျမ ထွက်ခွာခဲ့ပါတယ်။ ခက်ခဲတဲ့ အခြေအနေ ကို ရောက်နေပြီး ဘယ်လိုဆက်သွားရမလဲဆိုတာကို စဉ်းစားခဲ့ရပါတယ်။ ဒီလိုတွေကြောင့် အဒေါ်နဲ့ ဆက်သွယ်ဖို့ ဆုံးဖြတ်လိုက်ပြီး သူမနဲ့ နေထိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

 

ဒရီကာ နည်းပြလုပ်နေစဉ်

တခြားသူတွေရဲ့ အိမ်ဟာ ကိုယ့်အိမ်နဲ့ မတူညီတာကြောင့် အမြဲတမ်း လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ဖို့ ကြိုးစားရပါတယ်။ အမှားတစ်ခုခု လုပ်မိရင် သူတို့ရဲ့ မောင်းထုတ်ခြင်းကိုလည်း ခံရဖို့ ရှိနေ ပါတယ်။

“အသက် ၁၆ နှစ်အရွယ်မှာ သူငယ်ချင်းတွေနဲ့ ဘောလုံးကစားနေတဲ့ အချိန်မှာ ဒတ်ချ် တစ်ယောက်က ချဉ်းကပ်လာပြီး သူ့အသင်းမှာ ကစားချင်လားလို့ မေးခဲ့ပါတယ်။ ကျမနဲ့ သူငယ်ချင်းတွေဟာ ဘောလုံး ကစားတဲ့ နေရာတိုင်းကို သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အရာရာက ပြောင်းလဲလာခဲ့ပြီး ထိုသူဟာ Favela Street Girls တည်ထောင်သူဖြစ်ပြီး ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ပြောလာခဲ့ပါတယ်”လို့ ဒရီကာ က ပြောပါတယ်။

သူမဟာ အဆိုပါအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်လာပြီး Street Child World Cup 2014 အပြီးမှာ နည်းပြဖြစ်လာခဲ့ပါတယ်။

ဒရီကာဟာ ရွာငယ်လေးကနေ လာရောက်တဲ့သူ ဖြစ်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုယ့်နိုင်ငံကို ကိုယ်စားပြုရမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး။ ဘရာဇီးလ်ကို ကိုယ်စားပြုတဲ့ ဘောလုံးသမား ဖြစ်ချင်တာကြောင့် သူမရဲ့ အိမ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့ပါတယ်။

ဒါဟာ တရားဝင်အသင်း မဟုတ်ပေမယ့် ဘောလုံးကစားနေတဲ့ အခိုက်အတန့်က သူမအတွက် အဆင်ပြေ ခဲ့တာပါ။ ကမ္ဘာ့ဖလားမှာ အလားတူ နောက်ခံ သမိုင်းကြောင်းရှိတဲ့ သူတွေနဲ့ တွေ့ရတာက သူမအတွက် အံ့သြဖို့ ကောင်းခဲ့ပြီး ဘယ်သူကမှ အင်္ဂလိပ်လို မပြောတက်ခဲ့ပေမယ့် လက်တွေ၊ အချက်ပြ သင်္ကေတ တွေ သုံးပြီး ဆက်သွယ်ခဲ့ကြတာ ဖြစ်ပါတယ်။

သူမဟာ အဲဒီအချိန်ကစပြီး အရင်က လုပ်ခဲ့တာထက် အများကြီး ပိုပြီး လုပ်နိုင်မယ်လို့ တွေးမိလာခဲ့ပါတယ်။

ဒရီကာကို တွေ့ရစဉ်

“လမ်းဘေးမှာ ဘောလုံးကစားနေကြတဲ့ ကလေးတွေအတွက် အားကစားဟာ သူတို့ဘဝကို ပြောင်းလဲ နိုင်စေတဲ့ အရာလို့ ကျမမြင်မိပါတယ်။ ဘာကြောင့်လဲဆိုရင် ဒါက ကျမဘဝကို ပြောင်းလဲစေခဲ့လို့ပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာတော့ နေရာအသီးသီးက သူတွေနဲ့တွေ့ခဲ့ပြီး စိတ်တွေကလည်း လုံးဝ ပွင့်လင်း လာခဲ့ပါတယ်။ ဒီထက်တောင် ပိုပြီး လုပ်နိုင်မယ်လို့ တွေးခဲ့ကြောင်း” ဒရီကာက ပြောခဲ့ပါတယ်။

ဒရီကာဟာ အထက်တန်းကျောင်းကို နှစ်လတက်ပြီး အင်္ဂလိပ်စာကို သင်ယူခဲ့ကာ အမေရိကန်မှာ အလုပ် သင် သွားရောက်ခဲ့တာပါ။ အဲ့ဒီနောက် အင်္ဂလိပ်စာကို လေ့လာဖို့ အင်္ဂလန်ကို သူမ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ပညာရပ်ကိုလည်း သင်ယူပြီး အနာဂတ်မှာ ကိုယ်ပိုင်စီးပွားရေးအဖြစ် ကိုယ်ပိုင် Gym ရုံကို ဖွင့်ချင်ခဲ့တာပါ။ ဒရီကာဟာ ကလေးတွေနဲ့လည်း ဆက်ပြီး အလုပ်လုပ်ချင်ပြီး ဘာကြောင့်လဲဆိုရင် သူတို့ တွေဟာ ဒရီကာအတွက် မိသားစုတွေလို ဖြစ်နေလို့ပါလို့ ပြောပါတယ်။

ဘောလုံးနဲ့ ကမ္ဘာ့ဖလားက သူမရဲ့ ဘဝကို ပြောင်းလဲစေခဲ့တဲ့ အရာဖြစ်ခဲ့ပြီး ဘောလုံးက သူမတွေးနေတဲ့ အနာဂတ်ကနေ လွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့တဲ့ ပလက်ဖောင်းအဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ်။

Source: Aljazeera