ဂျနီဗာ၊စက်တင်ဘာ ၂
ပြီးခဲ့သည့် ဇန်နဝါရီလက ကိုလံဘီယာနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ‘Mu’ ဟု အမည်ပေးထားသော ကိုရိုနာဗိုင်းရပ်စ်ပိုး မူကွဲအသစ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က စောင့်ကြည့်နေကြောင်း ဂျနီဗာမှ လာသောသတင်းများအရ ဘန်ကောက်ပို့စ်က ရေးသားဖော်ပြသည်။
အဆိုပါဗိုင်းရပ်ပိုးမူကွဲတွင် ကာကွယ်ဆေးများကို တော်ရုံတန်ရုံ ခုခံနိုင်ခြေရှိသည့် မျိုးရိုးဗီဇများတွေ့ရှိရပြီး နောက်ထပ်သုတေသနပြု လေ့လာရန် လိုအပ်သေးကြောင်း WHO က အလေးပေးပြောကြားခဲ့သည်။
“Mu မူကွဲမှာ ကိုယ်ခံအားကို ကျော်လွန်ဖို့ အလားအလာကောင်းတဲ့ ဂုဏ်သတ္တိတွေပြသတဲ့ ဗီဇပြောင်းလဲမှုတွေ ရှိနေပါတယ်” ဟု WHO ၏ကြေညာချက်တွင် ဆိုထားသည်။
ဗိုင်းရပ်စ်ကူးစက်မှု ပုံစံပြောင်း မူကွဲသစ်များ ဆက်တိုက်ပေါ်ပေါက်လာပြီး ကူးစက်မှုနှုန်းများ တကမ္ဘာလုံး တဟုန်ထိုး မြင့်တက်လာခြင်းကြောင့် အထူးသဖြင့် ကာကွယ်ဆေးမထိုးရသေးသူများနှင့် ဗိုင်းရပ်စ်နှိမ်နင်းရေး အစီအမံများ ဖြေလျော့ပေးသော ကမ္ဘာ့နေရာအသီးသီးအတွက် စိုးရိမ်နေရဆဲဖြစ်ကြောင်း သိရသည်။
COVID-19 ဖြစ်စေသော SARS-Cov-2 အပါအဝင် ဗိုင်းရပ်စ်ပိုးအားလုံးသည် အချိန်နှင့်အမျှ ပြောင်းလဲနေပြီး ယင်းသို့ပြောင်းလဲသွားသည့် မျိုးဗီဇအများစုသည် ဗိုင်းရပ်စ်ဂုဏ်သတ္တိ အနည်းငယ်(သို့မဟုတ်)လုံးဝမပြသမှု လည်း ရှိနေသည်။
သို့သော် အချို့ဗိုင်းရပ်စ်မူကွဲပုံစံပြောင်းလဲမှုများသည် ဗိုင်းရပ်စ်၏ဂုဏ်သတ္တိများကို ထိခိုက်စေပြီး ပိုမိုကူးစက် လွယ်လာခြင်း၊ ရောဂါဖြစ်ပွားလျှင် ပြင်းထန်ခြင်းနှင့် အခြားကာကွယ်ဆေး၊ ကုသဆေးနှင့် တန်ပြန်ခုခံနိုင်စွမ်း ထက်မြက်လာခြင်းတို့ ရှိလာတတ်သည်။
WHO သည် နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိ Alpha နှင့် Delta အပါအဝင် စိုးရိမ်စရာကောင်းသည့် ဗိုင်းရပ်စ်မျိုးကွဲ ၄ မျိုးကို ဖော်ထုတ်လျက် သုတေသနပြုနေသည်။
ထို့ကြောင့် ‘Mu’ အပါအဝင် ကိုရိုနာဗိုင်းရပ်စ်မူကွဲ စုစုပေါင်း ၅ မျိုးကို စောင့်ကြည့်ရမည်ဖြစ်သည်။
‘Mu’ သည် ကိုလံဘီယာနိုင်ငံတွင် စတင်တွေ့ရှိရပြီးနောက် အခြားတောင်အမေရိကနိုင်ငံများနှင့် ဥရောပ တို့တွင်လည်း ဆက်လက်တွေ့ရှိလာခဲ့သည်။
WHO က ‘Mu’ ၏ ကမ္ဘာလုံးဆိုင်ရာပျံ့နှံမှုနှင့် နောက်ဆက်တွဲရောဂါဖြစ်ပွားနှုန်းမှာ သုညဒသမတစ်(0.1%) ရာခိုင်နှုန်းအောက် ကျဆင်းသည်ဟု သတ်မှတ်သည်။ သို့သော် ကိုလံဘီယာနိုင်ငံတွင် ကူးစက်ဖြစ်ပွားနှုန်းမှာ ၃၉ ရာခိုင်နှုန်းအထိ ရှိနေကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ရေးသားဖော်ပြထားသည်။