၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၂
မြန်မာနိုင်ငံ၌ မျိုးရိုးဗီဇအား စမ်းသပ်စစ်ဆေးရာ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း မျိုးကွဲတွင် အထူးဂရုစိုက်ရမည့် မျိုးရိုးဗီဇကွဲ ဖြစ်သည့် Delta မျိုးစိတ် ကူးစက်ခံရသူ ၁၅ ဦး ထပ်မံတွေ့ရှိရကြောင်း စက်တင်ဘာ ၁ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထို့အပြင် Delta မျိုးစိတ်သည် တချို့ COVID-19 ကာကွယ်ဆေးများ၏ အကျိုးအာနိသင်ကိုလည်း အနည်းငယ် လျော့ကျစေ နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးက CNI သတင်းဌာနသို့ ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးက “အဓိကကတော့ တတိယလှိုင်းက မပြီးသေးဘူးပေါ့ နော်။ ကူးစက်မှုတွေ ကျဆင်းလာတဲ့ အနေအထားတော့ တွေ့ရတယ်။ ကူးစက်မှုဆိုတာကလည်း ကမ္ဘာပေါ်မှာ လက်ရှိ အနေ အထားမှာ အဆိုးဝါးဆုံးလို့ ပြောလို့ရတဲ့ Delta နဲ့ပေါ့နော်။ Delta မှာ ထူးခြားချက်က ကာကွယ်ဆေး ထိုးထားရင်တောင်မှ ဆက်လက်ပြီးတော့ ကူးစက်မှုတွေဖြစ်နိုင်တယ်။ ကာကွယ်ဆေးထိုးထားခဲ့ရင်တောင်မှ ဒီဟာကို တွေ့ရတယ်ပေါ့နော်။ အဲတော့ ပေ့ါလို့မရဘူး။ ပေါ့တဲ့သူကတော့ ခံရမှာပဲ ဒီလိုပဲ ကျနော်တို့ပြောရတော့မှာပေါ့နော်” ဟု ၎င်းက ပြောသည်။
Delta မျိုးစိတ်သည် မြန်မာနိုင်ငံတွင် ယခုမှ စတင်တွေ့ရှိခြင်းမဟုတ်ဘဲ ကိုဗစ်-၁၉ တတိယလှိုင်း စတင်ခြင်းမှာ အဆိုပါ မျိုးစိတ်ကြောင့်ဖြစ်ပြီး ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းတို့ မြင့်တက်ခြင်းမှာလည်း Delta ကြောင့် ဖြစ်ကြောင်း သိရသည်။
Delta မျိုးစိတ် ကူးစက်ခံရသူ ၁၅ ဦးမှာ နေပြည်တော်မှ ၅ ဦး၊ ရန်ကုန်မှ ၂ ဦး၊ မန္တလေးမှ ၂ ဦး၊ စစ်တွေ၊ တောင်ငူ၊ လားရှိုး၊ မော်လမြိုင်၊ မုံရွာနှင့် ကလေးမြို့များမှ တစ်ဦးစီဖြစ်ပြီး သြဂုတ် ၂၈ ရက်က စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာများမှာ တွေ့ရှိခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
Delta မျိုးစိတ်ကို အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၆၃ နိုင်ငံသို့ ပျံ့နှံ့နေကာ ရောဂါကူးစက်နိုင်မှုနှင့် ရောဂါ ပြင်းထန်မှု မြင့်မားသည့်အတွက် သေဆုံးနိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သိရသည်။
လက်ရှိတွင်လည်း ထိုမျိုးစိတ်မှာ မြန်မာနိုင်ငံအတွင်း ရှိနေသေးသည့်အတွက် မပေါ့ဆသင့်ကြောင်း ဒေါက်တာသန်းနိုင်စိုးက ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးက “Variant of concern ထဲမှာ official ပါလာတဲ့အထဲမှာ Delta က တော်တော်ကို ဆိုးရွားတယ်။ Alpha တို့ ဘာတို့တောင်မှ Delta နဲ့တွေ့ရင် မြုပ်သွားတဲ့ သဘောရှိတယ်။ Beta တို့တောင်၊ Gamma တို့တောင်မှလေ။ ဒါကြောင့်မို့လို့ Variant of concern ထဲမှာ စိုးရိမ်စရာအကောင်းဆုံးက Delta ပဲ။ အဲ့ Delta ကိုမှ ကျနော်တို့က နဖူးတွေ့ ဒူးတွေ့ တွေ့နေရတဲ့ အနေအထားပေါ့နော်” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် COVID-19 ဗီဇပြောင်းပိုး လေးမျိုးအထိ တွေ့ရှိထားပြီး Variant of concern VOC သုံးမျိုးဖြစ်သည့် Alpha ၊ Beta ၊ Delta အပြင် Variant of Interest ထဲမှတစ်မျိုးဖြစ်သည့် Kappa စုစုပေါင်း လေးမျိုး တွေ့ရှိထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။