နယူးယောက်၊စက်တင်ဘာ ၂

တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ဆိုင်နိုဗက်ဘိုင်အိုတက်(Sinovac Biotech)ကိုဗစ်ကာကွယ်ဆေး ၃ သန်းခန့်ကို မြောက်ကိုရီးယားအစိုးရက ငြင်းပယ်ခဲ့ပြီး အဆိုပါဆေးများကို ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည့်နိုင်ငံများဆီ ပို့သင့်ကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်)က ပြောကြားသည်ဟု ရိုက်တာသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အထီးကျန်နိုင်ငံဖြစ်သည့် မြောက်ကိုရီးယားပြည်သူ့ဝန်ကြီးဌာနက တကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး အရေ အတွက် အကန့်အသတ်ဖြင့်သာရှိနေခြင်းနှင့် ကမ္ဘာ့နေရာအများအပြားတွင် ဗိုင်းရပ်စ်ဆက်လက် ကူးစက် ခံနေရခြင်းတို့ကို ထောက်ပြ၍ ၎င်းနိုင်ငံအတွက် လက်မခံခြင်းဖြစ်ကြောင်း ဝင်ငွေနည်းပါးသော နိုင်ငံများအတွက် COVAX အစီအစဉ်ဖြင့် ထောက်ပံ့မှုစီမံပေးနေသည့် ယူနီဆက်ဖ်၏အဆိုအရ သိရသည်။

ယခုအချိန်အထိ မြောက်ကိုရီးယားနိုင်ငံတွင် Covid-19 ကူးစက်ခံရမှု တစ်စုံတရာမတွေ့ရသေးကြောင်း၊ နယ်စပ် ပိတ်ခြင်းနှင့် ပြည်တွင်းခရီးသွားလာမှုတားဆီးခြင်းအပါအဝင် တင်းကျပ်သောဗိုင်းရပ်စ်နှိမ်နင်းရေးအစီအမံများ ချမှတ်ထားကြောင်း ရိုက်တာက သတင်းဆက်လက်ဖော်ပြသည်။

ပြီးခဲ့သည့် ဇူလိုင်လက အက်ထရာဇနီကာ (AstraZeneca) ကာကွယ်ဆေးတင်ပို့ရာ၌ ၎င်းဆေး၏ ဘေးထွက်ဆိုးကျိုးများကို မြောက်ကိုရီးယားဘက်မှ စိုးရိမ်မှုရှိခဲ့ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီနှင့် ဆက်စပ်သည့် တောင်ကိုရီးယားပညာရှင်အဖွဲ့တစ်ဖွဲ့ကဆိုသည်။

မြောက်ကိုရီးယားသည် တရုတ်ထုတ်လုပ်သည့်ကာကွယ်ဆေးများကို အာနိသင်မရှိဟုယူဆ၍ စိုးရိမ်နေကြောင်း၊ သို့သော် ရုရှားထုတ် ကာကွယ်ဆေးကိုမူ ၎င်းအစိုးရအဖွဲ့က စိတ်ဝင်စားကြောင်း အမျိုးသား လုံခြုံရေး မဟာဗျူဟာ သိပ္ပံက ပြောကြားထားပြီးဖြစ်သည်။

ထိုင်းနှင့်ဥရုဂွေးကဲ့သို့ နိုင်ငံအများအပြားသည် ကာကွယ်နိုင်မှုစွမ်းရည်ကို မြှင့်တင်ရန် Sinovac ဆေးထိုးခံရသူများ အတွက်လည်း အခြားကာကွယ်ဆေးများ စတင်အသုံးပြုနေကြပြီဖြစ်သည်။

“Covid-19 ကူးစက်ရောဂါကို တုံ့ပြန်ရန်အတွက် မြောက်ကိုရီးယားအာဏာပိုင်များနှင့် ကျနော်တို့ ဆက်လက် လုပ်ဆောင်နေကြောင်း” COVAX အစီအစဉ်ကို ဦးဆောင်နေသော ကမ္ဘာလုံးဆိုင်ရာမဟာမိတ်အဖွဲ့မှ ပြောခွင့်ရသူ တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

COVAX အဖွဲ့သည် Covid-19 Vaccines Global Access Facility ၏အတိုကောက်အသုံးအနှုန်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလက ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က စတင်မိတ်ဆက်ခဲ့သော ပူးပေါင်းအဖွဲ့တစ်ခုအနေဖြင့် ဥရောပသမဂ္ဂနှင့် ပြင်သစ်နိုင်ငံတို့က အဓိက အားဖြည့်ပါဝင်ထားသည်။