CNI News

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ပြည်သူလူထု စုစုပေါင်း လူဦးရေ ၄ သန်းကျော် (၄,၇၆၇,၂၉၈ ဦး)ကို ထိုးနှံပေးပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သန်းကျော်ကို သြဂုတ် ၃၁ ရက်အထိ ထိုးနှံပေးပြီးသား စာရင်ဖြစ်ကြောင်း၊ ထို ၄ သန်း ကျော်အနက် ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူမှာ ၂ သန်းကျော်(၂,၁၀၄,၉၃၄ ဦး)ရှိပြီး ပထမအကြိမ် ထိုးနှံပြီးစီးသူမှာ ၂ သန်းကျော်(၂,၆၆၂,၃၆၄ ဦး)ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

 

ထို့ကြောင့် သြဂုတ် ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၆,၈၇၂,၂၃၂ ကြိမ် ထိုးနှံပြီ ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ကျန်းမာရေးဝန်ကြီးဌာနက “နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ခြင်း၊ နေအိမ် ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကို မကြာ ခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းတို့ကို အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်”ဟု ထုတ်ပြန် ချက်မှာ ပြောထားသည်။

 

ထို့နောက် မိမိတို့ နေအိမ်တွင် အသက် (၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် နာတာရှည် ရောဂါတစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့်နှာခေါင်းစည်းကို တပ်ဆင်ထားစေ ရန် ကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်း ပြောထားသည်။