၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂
ရှမ်းပြည်နယ်ရှိ ဆေးရုံများသို့ အောက်ဆီဂျင်စက် အလုံးရေ ၁၅၀ ကို ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော် (SSPP/SSA) မှ ကူညီထောက်ပံ့ခဲ့သည်ဟု SSPP ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
ရှမ်းပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ကူးစက်ခံရပြီး အောက်ဆီဂျင် ပြတ်လပ်ကာ သေဆုံးမှုများ ရှိနေသည့်အတွက် လှူဒါန်း ရခြင်းဖြစ်ကြောင်း SSPP က ရေးသားဖော်ပြထားသည်။
ကျောက်မဲမြို့ ၊ ဇီဝိတဒါနလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်သိန်းက တစ်တိုင်းပြည်လုံး ဖြစ်နေသည့် အနေအထား အရ အောက်ဆီဂျင်ရရှိရန် ခက်ခဲနေပြီး အောက်ဆီဂျင်အတွက် ခရီးအဆင့်ဆင့် သွားနေရသည်ဟု ဆိုသည်။
ဦးတင်မောင်သိန်းက “တစ်တိုင်းပြည်လုံး ဖြစ်နေတဲ့ အနေအထားအတိုင်းပဲ ဒီမှာလည်း အောက်ဆီဂျင်က ခက်နေတာပေါ့ နော်။ အောက်ဆီဂျင် သွားယူဖို့ ဆိုရင် မူဆယ်အထိသွား၊ မူဆယ်ကနေ နမ့်ခမ်းလမ်း၊ တစ်ဝက်လောက်သွားပြီးမှ နမ့်ခမ်း တောင် ရောက်ခါနီးပါပြီ။ နမ်းခမ်းလမ်းမှာ စက်ရုံကြီးရှိတယ် အဲမှာ သွားယူ။ ယူပြီးတော့ ညအိပ်တန်းဆီ ချက်ခြင်း မရနိုင် ဘူးပေါ့နော်။ ကုန်ကျစရိတ် တွေများ၊ ခရီးစရိတ်တွေ များတာပေါ့။ နောက်တစ်ခါ လားရှိုးနားမှာလည်း တစ်ခုရှိတယ်။ အဲတာ လည်း မပေးနိုင်ဘူး။ မန္တလေးနား ဆင်းယူပေါ့။ အဲလိုတွေ ဖြစ်နေတာ” ဟု ပြောသည်။
လက်ရှိတွင် ကိုဗစ်-၁၉ ကူးစက်မှု အနည်းငယ် ပြန်ကျဆင်းသွားသည့် သဘောရှိနေပြီး ကျောက်မဲမြို့၌ အောက်ဆီဂျင်စက် ဆောက်လုပ်ရန် ပြင်ဆင်နေသည်ဟု ၎င်းက ပြောသည်။
SSPP အနေဖြင့် အောက်ဆီဂျင်စက်များကို ဩဂုတ် ၃၀ ရက်အထိ ရှမ်းပြည်နယ်အတွင်းရှိ ပင်လုံ၊ လွိုင်လင်၊ မိုင်းရှူး၊ မိုင်းနောင်၊ ကျေးသီး၊ မိုင်းရယ်၊ နမ့်လန်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နောင်မွန်၊ သိန္နီနှင့် ပြင်ဦးလွင် စသည့် မြို့နယ်များရှိ ပြည်သူ့ဆေးရုံးများသို့ (၅) လုံးစီ လှူဒါန်းခဲ့သည်ဟု သိရသည်။
အဆိုပါ အောက်ဆီဂျင်စက် လှူဒါန်းသည့် ကိစ္စနှင့် ပတ်သက်ပြီး SSPP မှ တာဝန်ရှိသူများထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
ထို့အပြင် SSPP ထိန်းချုပ်ထားသည့် နယ်မြေများတွင် လူဦးရေ ၅၀၀,၀၀၀ (ငါးသိန်း) စာအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေး တရုတ်နိုင်ငံကနေ ဝယ်ယူပြီး မိုင်းရှူး၊ မိုင်းရယ် ၊ သီပေါ၊ ကျောက်မဲ ၊ တန့်ယန်း ၊ နမ့်လန် ၊ လားရှိူးဒေသများရှိ ပြည်သူလူထုကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
SSPP သည် ရှမ်းပြည်မြောက်ပိုင်း ကျေးသီးမြို့နယ် ဝမ်ဟိုင်းတွင် ဌာနချုပ်ထားရှိကာ သီပေါ၊ ကျောက်မဲ၊ မိုင်းရှူး၊ နမ့်ခမ်း၊ ခိုလမ်၊ ကျေးသီး၊ တန့်ယန်း၊ လားရှိုးနှင့် မုန်းယိုင်မြို့နယ်များမှာ လှုပ်ရှားလျက်ရှိသည်ဟု သိရသည်။
SSPP သည် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ် မရေးထိုးနိုင်သေးဘဲ လက်မှတ်ရေးထိုးနိုင်ရေး စေ့စပ် ဆွေးနွေးနေဆဲ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။