CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၃၁

ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာအဆင့်မီရန် လိုအပ်သဖြင့် ရေရှည်အတွက် စဉ်းစား ဆောင်ရွက်ရန်လိုသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။


၂၀၂၁ ခုနှစ်၊သြဂုတ် ၃၀ ရက်က ပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀) ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးတွင် ၎င်းက အထက်ပါ အတိုင်း ပြောခဲ့ခြင်းဖြစ်သည်။


ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းရေးတွင် အားလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ အောက်ဆီဂျင်ရရှိရေးသည် အရေးကြီးသည့်အတွက် မိမိတို့အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် အောက်ဆီဂျင်များ လုံလောက်စွာ ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ အောက်ဆီဂျင်များ အသုံးပြုမှု စနစ်မကျမှု ကြောင့် အသုံးပြုသူများ အသက်အန္တရာယ် မဖြစ်ပေါ်စေရေး အသိပညာပေး တိုက်တွန်း ဆွေးနွေးပေးရန်လို အပ်ကြောင်း၊ အလားတူ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် မိမိတို့နယ်မြေအတွင်း အောက်ဆီဂျင်များ နေရာအနှံ့ရရှိစေရေး စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်ရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။


နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အခြား လိုအပ်သည့် ပစ္စည်းများရရှိစေရေးအတွက်လည်း စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာ အဆင့်မီရန် လိုအပ်သဖြင့် ရေရှည်အတွက် စဉ်းစားဆောင်ရွက်ရန်လိုတယ်”ဟု ပြောသည်။

ပုံ-၂၀၂၁ ခုနှစ်၊သြဂုတ် ၃၀ ရက်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးပြုလုပ်နေသည်ကိုတွေ့ရစဉ်

ကိုဗစ်-၁၉ ကာကွယ်ဆေး အနေဖြင့် တရုတ်နိုင်ငံမှ ဆေး ၄ သန်းဝယ်ထားပြီး တရုတ်က ၂ ဒသမ ၅ သန်းလှူ ထားသည့်အတွက် စုစုပေါင်း ဆေး ၆ ဒသမ ၅ သန်းရှိကြောင်း၊ အိန္ဒိယမှ ဆေး ၂ သန်း ဝယ်ထားပြီး ၁ ဒသမ ၇ သန်း လှူထားခြင်းကြောင့် စုစုပေါင်း ၃ ဒသမ ၇ သန်းရှိကြောင်း အားလုံး စုစုပေါင်း အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ ဒသမ ၂ သန်းရှိကြောင်း၊ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကိုဗစ်ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ အမြန်ဆုံးပို့ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အဓိကကတော့ ကိုယ့်ဆီရောက်လာလို့ရှိရင် သက်ဆိုင်ရာ မြို့နယ်အဆင့်၊ အောက်ခြေအဆင့်အထိ ရောက်အောင် ပြည်နယ်များက တိုင်းများကလည်း ဆက်လက်ပြီးတော့ ဆောင်ရွက် ပေးဖို့ပေါ့လေ၊ ဆောင်ရွက်ပေးဖို့ဆိုတာ ပြည်နယ်နဲ့တိုင်းအစိုးရအဖွဲ့တွေအနေနဲ့ကတော့ စီမံခန့်ခွဲတာ လုပ်ပေါ့ ဗျာ၊ ယာဉ်ယန္တရားတွေကတော့ လိုအပ်လို့ရှိရင် ကျနော်တို့ကိုပြောပါ။ ကျနေ်ာတို့ ဒီကနေပြီးတော့ တတ်နိုင်သမျှ Real Time ဖြစ်စေချင်ပါတယ်၊ အချိန်နဲ့တပြေးညီဖြစ်စေချင်ပါတယ်။ တစ်ရက်စောထိုးလို့ရှိရင် တစ်ရက်အကျို ရှိပါတယ်လို့ ကျနော်ပြောလိုပါတယ်”ဟု ဆိုသည်။


ကျန်းမာရေးနှင့်ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ထုတ်ပြန်ချက်များကို ကြည့်ပါ ဆေးထိုးထားသူများသည် ဆေးမထိုးထားသူများထက် ရောဂါကို ခံနိုင်ရည်ပိုရှိကြောင်း၊ မဖြစ်ဘူးဟု အရှင်းမပြောလိုကြောင်း၊ သို့သော် ဖြစ်နိုင်ခြေ နည်းကြောင်း၊ ဖြစ်ခဲ့ပါကလည်း ခံရမှုနည်းကြောင်း ၎င်းက ဆိုသည်။


မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းကို ဇူလိုင်လမှ စတင်ကာ ရင်ဆိုင်ကျော်ဖြတ်နေရပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့ နယ်ပေါင်း ၁၀၀ ကျော်ကို Stay at Home သတ်မှတ်ထားသလို အများပြည်သူအလုပ်ပိတ်ရက်များကို နစက- က ခြောက်ကြိမ်တိုင်တိုင် ကြေညာ၍ လူစုလူဝေးကိုမဖြစ်ပေါ်စေရေး ထိန်းချုပ်ပေးလျက်ရှိသည်။


ထို့နောက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် မြန်မာနိုင်ငံတွင် လူဦးရေ စုစုပေါင်း ၄ သန်းကျော်ကို ကာကွယ်ဆေးထိုးနှံပေးပြီး ဖြစ်သလို ကျန်နိုင်ငံသားများကို ဆက်လက် ထိုးပေးနှံရေး ဆောင်ရွက်လျက်ရှိသည်။

 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာအဆင့်မီရန်လိုအပ်သဖြင့် ရေရှည်ကို စဉ်းစားရန်လိုကြောင်း ပြောသော်လည်း အောက်ခြေတွင် ကျန်းမာရေးစောင့်ရှောက်မှုမှာ အားနည်းနေသေးပြီး ပြည်သူလူထုအပေါ် ပေးအပ်သည့် ကျန်းမာရေး၀န်ဆောင်မှုများအပေါ် မေးခွန်းထုတ်မှု များ ရှိနေသေးသည်။