CNI International News

တရုတ်ဓါတ်ခွဲခန်းဖြစ်စဉ်သည် COVID-19 အရင်းအမြစ် ဟုတ်၊ မဟုတ် ဆွေးနွေးငြင်းခုံမှုကို တရုတ်မပါဘဲ ဖြေရှင်းနိုင်မည်မဟုတ်ဟု ယုံကြည်ကြောင်း အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းမှ အရာရှိများက ဩဂုတ် ၂၇ တွင် ထုတ်ဖော်ပြောဆိုချက်ကို ရိုက်တာသတင်းတစ်ပုဒ်က ဖော်ြပထားသည်။
ကမ္ဘာတဝန်း လူဦးရေ ၄.၆ သန်းကို သေဆုံးစေခဲ့သည့် ဗိုင်းရပ်စ်ရင်းမြစ် အစစ်အမှန်နှင့် ပတ်သက်၍ မေးခွန်းကို တရုတ်ကပဲ ကူညီဖြေရှင်းနိုင်ကြောင်း အမေရိကန်အရာရှိများက ပြောသည်။

“COVID-19 ၏ မူလဇစ်မြစ်ကို အသေအချာအကဲဖြတ်နိုင်ဖို့ တရုတ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်” ဟု ၎င်းတို့က တညီတညွတ်ပြောကြားကြောင်း ရိုက်တာသတင်းကို ကိုးကား၍ Channel News Asia ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

ယခုရက်သတ္တပတ်အစောပိုင်း၌ ၎င်းအမိန့်ပေးထားသော စုံစမ်းစစ်ဆေးမှုအကျဉ်းချုပ်အစီရင်ခံကို လက်ခံရရှိပြီးဖြစ်သည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဝါရှင်တန်နှင့် မဟာမိတ်နိုင်ငံများ လိုချင်သော အဖြေအတွက် တရုတ်အစိုးရ ဆက်လက်ဖိအားပေးရမည်ဖြစ်ကြောင်း ပြောကြားထားသည်။

“ဒီကပ်ရောဂါရဲ့ဇစ်မြစ်နဲ့ ပတ်သက်လို့ အရေးကြီးသတင်းအချက်အလက်တွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ရှိနေပါတယ်။ ဒါပေမယ့် အစကတည်းက နိုင်ငံပေါင်းစုံ စုံစမ်းစစ်ဆေးသူတွေနဲ့ ကမ္ဘာ့ကျန်းမာရေးအသိုင်းအဝိုင်းက အဖွဲ့ဝင်တွေကို သူတို့ထဲ ဝင်ရောက်တာ တားဆီးဖို့ တရုတ်အစိုးရက ကြိုးစားခဲ့ပါတယ်” ဟု ဘိုင်ဒန်က အိမ်ဖြူတော်ကြေညာချက်တစ်စောင်တွင် ပြောသည်။

အမေရိကန်အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးမှ ထုတ်ပြန်သော အကျဉ်းချုပ်အစီရင်ခံစာထဲတွင် ယခု ဆယ်စုနှစ်များအတွင်း နိုင်ငံတကာဆက်ဆံရေး ရေချိန် အနိမ့်ဆုံးဖြစ်နေချိန်တွင် ဘေဂျင်းနှင့် ဝါရှင်တန်တို့အကြား သဘောထားကွဲလွဲမှုကို ပိုမိုဆိုးရွားစေခဲ့ကြောင်း ရေးသားထားသည်။

ယင်းသို့ COVID-19 ရင်းမြစ် စုံစမ်းစစ်ဆေးခြင်းသည် အာရှနွယ်ဖွား အမေရိကန်လူမျိုးများပေါ် အကြမ်းဖက်စေမှု တွန်းအားပေးနိုင်မည့်အရေးကို အမေရိကန်ပြည်တွင်းရှိ တက်ကြွလှုပ်ရှားသူများက စိုးရိမ်နေကြသည်။

COVID-19 စတင်ခဲ့သည့် ဝူဟန်မြို့နှင့် အနီးတဝိုက်၌ ယခုနှစ်အစောပိုင်း ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင် ရက်သတ္တပတ် လေးပတ်ကြာအောင် နေထိုင်စူးစမ်းခဲ့ကြသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဦးဆောင်သောအဖွဲ့ကမူ အမေရိကန်ထောက်လှမ်းရေးဘက်က ချပြသည့် အဆိုနှင့် သီအိုရီကို ပယ်ချခဲ့သည်။ သို့သော် မတ်လက တရုတ်ဆေးသိပ္ပံပညာရှင်များနှင့် အဆိုပါအဖွဲ့တို့ ပူးပေါင်းရေးသားသည့် အစီရင်ခံစာတစ်စောင်တွင်တော့ ယင်းသီအိုရီကို ပယ်ချရန် လုံလောက်သည့်အထောက်အထားများ အသုံးပြုခြင်းမရှိ၍ လွဲချော်မှုများ ရှိနေကြောင်း ဆိုထားပြန်သည်။

မည်သို့ပင်ဆိုစေ ဆေးသိပ္ပံသုတေသီများကတော့ ကပ်ရောဂါအစောဆုံးဖြစ်ပွားမှုနှင့် ပတ်သက်၍ လက်တွေ့နမူနာများ၊ ကူးစက်ရောဂါဆိုင်ရာအချက်အလက်များကို ထုတ်ဖော်ရာ၌ တရုတ်နိုင်ငံမှ ထပ်မံရရှိမည့် သတင်းအချက်အလက်သစ်များ မပါဘဲ တိကျသည့်ရှင်းလင်းချက် မထွက်ပေါ်နိုင်ကြောင်း ကောက်ချက်ချထားကြသည်။